အမျိုးသားတိုင်းမှာ အနောက်တိုင်းဝတ်စုံအနည်းဆုံးတစ်စုံစီတော့ ရှိသင့်ပါတယ်။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်နေရသူတွေအဖို့ ပွဲအခမ်းအနားတက်တဲ့အခါ၊ နိုင်ငံခြားစီးပွားရေးသမားတွေနဲ့ လုပ်ငန်းကြီးလုပ်ကိုင်ရတဲ့အခါမျိုးမှာ စမတ်ကျကျနဲ့ ဝတ်ဆင်နိုင်တဲ့ဝတ်စုံလေးကတော့ အနောက်တိုင်းဝတ်စုံပဲဖြစ်ပါတယ်။
အနောက်တိုင်းဝတ်စုံကို ဝတ်စုံပြည့်ဝတ်ရတဲ့အခါ ကျင့်သားမရတဲ့သူတွေအဖို့ တော်တော်လေးအနေရခက်ပြီး သက်သောင့်သက်သာမရှိတာတော့အမှန်ပါပဲ။ အောက်က လက်ရှည်အင်္ကျီဝတ်ရတဲ့အပြင် အပေါ်ကလည်းကုတ်တစ်ထပ် ထပ်ဝတ်ရသေး၊ ဒီကြားထဲ နက်ခ်တိုင်ကိုလည်း စည်းထားရပါတယ်။ နက်ခ်တိုင်ဝတ်ရတာအဆင်မပြေတဲ့အခါ ကြိုးကွင်းစွပ်ထားတာနဲ့တူနေပါတယ်။ ဒါ့ကြောင့် ပုရိသတို့အတွက် နက်ခ်တိုင်မဝတ်ဘဲ စမတ်ကျစေနိုင်တဲ့ နည်းလမ်း (၅) မျိုးကို ဝေမျှပေးလိုက်ပါတယ်။
ကော်လံအပျော့စားရှပ်အင်္ကျီရွေးဝတ်ပါ
ကော်လံအထောင် အမာစားတွေမဝတ်ဘဲ ဘေးဘက်သို့ ပြန့်ကျနေတဲ့ ကော်လံအပျော့စား ရှပ်အင်္ကျီတွေ ဝတ်ဆင်မယ်ဆိုရင် နက်ခ်တိုင်ဝတ်စရာမလိုပါဘူး။
ကော်လံမပါတဲ့ လည်ကတုံးရှပ်အင်္ကျီတွေ ဝတ်ပါ
လည်ကတုံးရှပ်အင်္ကျီကို ပုဆိုးနဲ့ပဲ တွဲဝတ်ရမယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ ယနေ့ခေတ်မှာ ဖက်ရှင်ကို စတိုင်လ်ကျအောင် တွဲဖက်ဝတ်ဆင်တတ်ခြင်းကလည်း ပညာရပ်တစ်မျိုးပဲဖြစ်ပါတယ်။
ရှပ်အင်္ကျီကို ကြယ်သီးအပြည့်တပ်လိုက်ပါ
ပေါ့ပေါ့ပါးပါးစတိုင်လေးဖြစ်ချင်တယ်ဆိုရင် အောက်ကရှပ်အင်္ကျီကို ဘောင်းဘီထဲထည့်မဝတ်ဘဲ အပြင်ထုတ်ထားလိုက်ပါ။ ပြီးရင် ကုတ်အင်္ကျီကိုလည်း ကြယ်သီးမတပ်ဘဲ အောက်ကရှပ်အင်္ကျီကိုတော့ ကြယ်သီးအပြည့်တပ်လိုက်ပါ။
ပိုလိုရှပ်အင်္ကျီ လက်တိုလေးတွေနဲ့ တွဲဝတ်ပါ
ပိုလိုရှပ်အင်္ကျီလက်တိုလေးတွေကို ကုတ်အင်္ကျီထပ်ဝတ်ပေးမယ်ဆိုရင်တော့ ပူအိုက်တဲ့ရာသီဥတုအတွက် အင်မတန်သင့်တော်ပါတယ်။
ကော်လံကြယ်သီးအပြင် နောက်ထပ်ကြယ်သီးတစ်လုံးထပ်ဖြုတ်ပြီး ဝတ်ဆင်ပါ
ဝတ်ဆင်ရတဲ့ နက်ခ်တိုင်က သက်သောင့်သက်သာမရှိတဲ့အခါ လည်ပင်းအစ်နေပြီး နေရထိုင်ရခက်ပါတယ်။ နက်ခ်တိုင်မတပ်ဘဲ ရှပ်အင်္ကျီကိုလည်း အပေါ်ကြယ်သီးတစ်လုံးဖြုတ်ထားလိုက်မယ်ဆိုရင် ဆွဲဆောင်အားပြင်းနေမှာအမှန်ပါပဲ။
Source: Fashionbeans.com