ပုရိသတွေက အရောင်ပိုင်းဆိုင်ရာတွဲဖက်ဝတ်ဆင်မှုမှာ အားနည်းလေ့ရှိကြပါတယ်။ ၉၉ ရာခိုင်နှုန်းသော အမျိုးသားတွေက အဝတ်အစားဖြစ်ရင်ပြီးရော ဝတ်လိုက်ကြတဲ့သူတွေချည်းပါပဲ။ တကယ်တော့ အရောင်တွေကို လိုက်ဖက်မှုရှိအောင် တွဲဖက်ဝတ်ဆင်တတ်ခြင်းက သင့်ကိုစတိုင်လ်ကျ ခန့်ညားစေတာကြောင့် တတ်မြောက်ထားသင့်တဲ့ ပညာရပ်တစ်ခုပဲဖြစ်ပါတယ်။

စာဖတ်သူက အဝတ်အစားအရောင်တွေကို အထာကျကျတွဲဖက်ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒီဆောင်ပါးလေးက အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။

နေဗီပြာအရောင်နဲ့ လိုက်ဖက်မှုရှိတဲ့အရောင်များ

နေဗီပြာဝတ်ဆင်တဲ့အခါ အမဲရောင်ကို မဝတ်ဆင်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ နို့မဟုတ်ရင် သင့်ရဲ့ဖက်ရှင်တစ်ခုလုံးက အမဲရောင်ဘက်သမ်းပြီး လူအများကြားပေါ်လွင်မှမဟုတ်တော့ပါဘူး။ ဒါ့ကြောင့် နေဗီပြာဝတ်မယ်ဆိုရင် အဖြူရောင်၊ ပန်းရောင်ဖျော့နဲ့ အပြာနုရောင်တို့ကို တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။

ဝိုင်နီရောင် ဝတ်ဆင်တဲ့အခါ

ဝိုင်နီရောင်ဝတ်ဆင်မယ်ဆိုရင်တော့ စာဖတ်သူတို့ တော်တော်ခေါင်းစားရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝိုင်နီရောင်က အဖြူနဲ့ အမဲရောင်လိုမျိုး ဘယ်အရောင်နဲ့မဆို လိုက်ဖက်မှုရှိတဲ့အရောင် မဟုတ်ပါဘူး။ ဝိုင်နီရောင်နဲ့ လိုက်ဖက်တဲ့အရောင်ကတော့ လေးမျိုးပဲရှိပါတယ်။ အမဲရောင်၊ အဖြူရောင်၊ မီးခိုးရောင်နဲ့ အညိုရောင်တို့ပဲဖြစ်ပါတယ်။

အစိမ်းရောင်နဲ့ လိုက်ဖက်တဲ့အရောင်များ

အစိမ်းရောင်အဝတ်အစားများကလည်း ပိုင်ဆိုင်ထားသင့်တဲ့အဝတ်အစားတွေပဲဖြစ်ပါတယ်။ သူတို့ကတော့ အညိုရောင်၊ ဝိုင်နီရောင်နဲ့ နေဗီပြာအရောင်တို့နဲ့ လိုက်ဖက်မှုရှိပါတယ်။

ထုံးခြောက်ရောင်

ထုံးခြောက်ရောင်က အရောင်နုတဲ့အတွက်ကြောင့် အရောင်တောက်တောက်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ပထမဦးစားပေးအနေနဲ့ ထုံးခြောက်ရောင်ကို အဖြူရောင်၊ အပြာရောင်၊ အသားရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်သင့်ပါတယ်။ ဒုတိယဦးစားပေးအနေနဲ့ကတော့ အညိုရောင်၊ နေဗီပြာရောင်၊ ကြက်သွေးရင့်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်ပေးပါ။

အနီရောင်

အနီရောင်ကိုမှ ထပ်ပေါ်လွင်ချင်တယ်ဆိုရင်တော့ အဖြူနဲ့ တွဲဝတ်ပါ။ အနီရောင်ကို မျက်စိမစူးစေဘဲ အရောင်ငြိမ်စေချင်တယ်ဆိုရင်တော့ အမဲရောင်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

အမဲရောင်

စာဖတ်သူတို့သိကြတဲ့အတိုင်းပဲ အမဲရောင်က ဘယ်အရောင်နဲ့မဆို လိုက်ဖက်တာကြောင့် ခေါင်းအစားခံပြီး ရွေးချယ်နေစရာမလိုပါဘူး။

အဖြူရောင်

အဖြူရောင်ကလည်း ဘယ်အရောင်နဲ့မဆို လိုက်ဖက်တယ်ဆိုပေမယ့် အမဲရောင်၊ နေဗီပြာ၊ အပြာနုစတဲ့အရောင် ၃ မျိုးနဲ့ကတော့ အလိုက်ဖက်ဆုံးပဲဖြစ်ပါတယ်။ ထုံးခြောက်ရောင်နဲ့လည်း တွဲဖက်ဝတ်ဆင်သင့်ပါတယ်။

အညိုရောင်

အညိုရောင်နဲ့ လိုက်ဖက်မှုရှိတဲ့အရောင်တွေကတော့ အမဲရောင်၊ ဝိုင်နီရောင်၊ နေဗီပြာနဲ့ အစိမ်းရင့်ရောင်တို့ပဲဖြစ်ပါတယ်။

Source: Thetrendspotter.net