ဗလတောင့်ချင်တယ်ဆိုရင် အားကစားကတော့ ပုံမှန်လုပ်ပေးရမှာပေါ့နော်။ ဒါပေမဲ့ အားကစားလုပ်ရုံနဲ့တင်မလုံလောက်ပါဘူး။ အခြားနေ့စဉ်မှန်မှန်ပြုလုပ်သင့်တဲ့ အလေ့အကျင့်တွေလည်း ရှိပါသေးတယ်။ ဘယ်လိုအလေ့အကျင့်တွေကို မွေးမြူရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

အရာရာ ပြင်ဆင်ထားပါ။

Gym သွားဆော့ဖို့အတွက် အားကစားအဝတ်အစား၊ ဖိနပ် စတာတွေကို ကြိုတင်ပြင်ဆင်ထားပါ။ တကယ်လို့ သင်က မနက်အစောကြီးမထတတ်တဲ့သူဆို ညကတည်းက ကြိုတင်ပြင်ဆင်ထားပါ။ ဒါမှ မနက်ကျ အဆင်သင့်ထဆော့လို့ရမှာပါ။ နို့မဟုတ်ရင် အိပ်ရာပေါ်မှာပဲ အားကစားလုပ်ဖြစ်သွားလိမ့်မယ်နော်။

မနက်စာ မဖြစ်မနေစားပါ။

ကြွက်သားကြီးချင်တဲ့သူတွေအဖို့ အားကစားပြုလုပ်ဖို့အတွက် အားရှိနေဖို့လိုပါတယ်။ ဒါ့ကြောင့် မနက်စာအလွတ်ခံလို့မဖြစ်ပါဘူး။ သင့်အတွက် မနက်စာပြင်ပေးမယ့်သူမရှိလည်း ကိုယ့်ဘာသာထပြင်လိုက်ပါ။ စောစောက ပြောသလိုပဲ မနက်အစောကြီးထပြီး မနက်စာမပြင်ချင်ဘူးဆိုရင် ညကတည်းက အဆင်သင့်လုပ်ထားပါ။ ကြက်ဥပြုတ်ထားတာတို့ နွားနို့ကျိုထားတာလို့ ပြုလုပ်ထားလိုက်ပါ။

နှိုးစက်ပေးထားပါ။

အိပ်ကောင်းကောင်းနဲ့ အိပ်လိုက်လို့ အားကစားပြုလုပ်ချိန်ကျော်သွားခြင်း မဖြစ်ရလေအောင် နှိုးစက်ပေးထားပါ။ နှိုးစက်ပေးထားတဲ့အခါမှာလည်း ပြန်ပိတ်ပြီး ထပ်အိပ်တာမျိုးမလုပ်ရဘဲ ချက်ချင်းထရပါမယ်။

လေ့ကျင့်ခန်းတွေကို ကျော်ခွပြီးပြုလုပ်ခြင်း ရှောင်ကြဉ်ပါ။

ဒီလေ့ကျင့်ခန်းကတော့ ဆော့ရတာ ပင်ပန်းတယ်၊ ဟိုလေ့ကျင့်ခန်းကတော့ဖြင့် ဆော့လို့မကောင်းဘူး စသည်ဖြင့် ဆင်ခြေပေးနေခြင်းများရပ်တန့်လိုက်ပါ။ အောက်ပိုင်းထိုင်ရတာ မကြိုက်လို့ အောက်ပိုင်းထိုင်တဲ့လေ့ကျင့်ခန်းတွေ လုံးဝမလုပ်ဘူးဆိုရင်တော့ သင့်ခန္ဓာကိုယ်က အပေါ်ကြီးအောက်သေးပြီး အဖျားရှုးသွားပါလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေက အချိုးအစားညီညွှတ်မျှနေဖို့လိုအပ်ပါတယ်။

ပရိုတိန်းဓာတ် များများမှီဝဲပါ။

အာဟာရညီညွှတ်မျှတနေအောင် စားဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ကြွက်သားကြီးချင်တဲ့သူတွေအဖို့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာများကို များများမှီဝဲစားသုံးသင့်ပါတယ်။

မိမိရဲ့ရည်မှန်းချက် ပန်းတိုင်မပျောက်ပျက်ပါစေနဲ့။

လေ့ကျင့်ခန်းပြုလုပ်ရတာ အရမ်းပင်ပန်းတဲ့အခါ လက်လျော့ချင်စိတ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။ “ဒီနေ့တော့ တစ်ရက်လေးနားလိုက်ဦးမှာပါလေ” ဆိုပြီး မတွေးလိုက်ပါနဲ့။ နေ့တိုင်းနားချင်စိတ်တွေ ပေါက်လာပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ပန်းတိုင်ကို မမေ့လျော့ဖို့အတွက် အမြဲတမ်းသတိပေးထားပါ။

နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်အနားယူပါ။

ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်တဲ့သူက အိပ်ရေးမဝတဲ့အခါ လေ့ကျင့်ခန်းကောင်းကောင်းပြုလုပ်နိုင်မှာမဟုတ်ပါဘူး။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ မူးဝေခြင်း၊ အော့အန်ခြင်းတွေ ဖြစ်ပေါ်နိုင်တာကြောင့် ကောင်းစွာအိပ်စက်အနားယူဖို့၊ အိပ်ရေးဝဖို့လိုအပ်ပါတယ်။ အိပ်စက်ချိန် အနည်းဆုံး ၅ နာရီနဲ့ အများဆုံး ၇ နာရီ ရရှိဖို့လိုအပ်ပါတယ်။

Source: Fashionbeans.com