ပြတ်တုန်းလပ်တုန်း (၂၃)ဆိုတာ ဝန်ထမ်းတိုင်းလိုလို ကြုံတွေ့ကြရတဲ့ပြဿနာတစ်ခုပါ။ ဘယ်လောက်ပဲချွေတာသုံးနေပါစေဦးတော့ လကုန်ပြီးရက်၂၀ကျော်တာနဲ့ ဇောချွေးပြန်လာရစမြဲဖြစ်နေကြပါတယ်။ ဒါဆိုရင် ကိုယ်ရဲ့ဝင်ငွေနဲ့ ဘယ်လိုလောက်ငှအောင်သုံးမလဲ၊ ပြတ်တုန်းလပ်တုန်း (၂၃)ကို ဘယ်လိုဖြတ်ကျော်ကြမလဲ။ အောက်ကအချက်လေးတွေကို လေ့လာကြည့်ရအောင်။
(၁) အကြွေးမယူပါနဲ့
Source: washingtoncapitalpartners.com
ပိုက်ဆံလိုလာတဲ့အချိန် ပိုက်ဆံချေးသုံးလိုက်တာမျိုးကို ရှောင်ကြဉ်ပါ။ အဲ့လိုပိုက်ဆံချေးလိုက်ခြင်းဟာ လက်တလောအဆင်ပြေသွားပေမယ့်၊ လကုန်ရင် သေချာပေါက်ပြန်ဆပ်ကြရပါတယ်။ ဒီတော့လစာရတာနဲ့ အကြွေးဆပ်၊ လဝက်လောက်ကျပြန်ချေးနဲ့ သံသရာလည်နေပါလိမ့်မယ်။
(၂) ငွေကုန်ပေါက်တွေရှောင်ပါ
Source: shutterstock.com
လစာထုတ်တဲ့ရက်ဆိုရင် ဘီယာဆိုင်ထိုင်တာ၊ Bar ထိုင်တာဟာ အစဉ်လာတစ်ခုလိုဖြစ်လာပါပြီ။ လုံးဝမသွားနဲ့လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် တစ်လမှာတစ်ခေါက်၊ နှစ်ခေါက်ထပ်တော့ ပိုမသွားသင့်ပါဘူး။ သွားတဲ့အခါမှာလည်း Budget Bar တွေ၊ ဈေးသက်သာမယ့်ဆိုင်တွေကိုသာ ရွေးချယ်သွားသင့်ပါတယ်။
(၃) ပိုက်ဆံကိုအပိုင်းသုံးပိုင်းခွဲသုံးပါ
Source: Wall Street
လစာရတဲ့အချိန်ကတည်းက ကိုယ်ရတဲ့လစာကို အပိုင်းသုံးပိုင်းခွဲထားသင့်ပါတယ်။ နံပါတ်တစ်အနေနဲ့ ဒီလဘယ်လောက်ရအောင်စုမယ်၊ မသုံးမိအောင်ထားမယ်ဆိုပြီး ခွဲထားပါ။ သုံးလို့ပိုတဲ့ငွေကို မစုပါနဲ့။ စုလို့ပိုတဲ့ငွေကိုသုံးပါ။ နံပါတ်(၂)အနေနဲ့ တကယ်လိုအပ်တဲ့နေရာ၊ သုံးမှဖြစ်မယ်ဆိုတဲ့အရာတွေအတွက် တစ်ကန့်ခွဲပါ။ နောက်ဆုံးကတော့ တစ်လလုံးစားမယ့်စားစရိတ်၊ သွားလာစရိတ်၊ ဗာရီယကုန်ကျစရိတ်တွေအတွက် တစ်ကန့်ခွဲထားပါ။
(၄) လိုအပ်မှဝယ်ပါ
Source: Liverpool ONE
ကိုယ့်အတွက် တကယ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းဆိုရင်တော့ ဝယ်ပါ။ ဒါပေမယ့် တစ်လထဲ ဖုန်းကာဗာလေးလှလို့ ၂မျိုး ၃မျိုး ဝယ်လိုက်တာမျိုး။ အင်္ကျီလှလှလေးတွေတွေ့တာနဲ့ ဝယ်လိုက်မိတာမျိုး။ ပစ္စည်းတွေ Discount ချလို့ဆိုပြီး ဝယ်လိုက်တာမျိုးတွေ လုံးဝလုံးဝရှောင်ကြဉ်သင့်ပါတယ်။
ဒီနည်းလမ်းတွေကို တစ်လလောက် စမ်းသပ်လုပ်ဆောင်ကြည့်ပါ။ သင့်အနေနဲ့ တစ်ခြားလုပ်ဖော်ကိုင်ဖက်တွေ ပြတ်တုန်းလပ်တုန်း (၂၃) ရောက်လို့ စိတ်ညစ်နေရချိန်မှာ ကိုယ်ကတော့သာသာယာယာပဲ ဖြတ်သန်းသွားနိုင်ပါလိမ့်မယ်။
Featured Image Source: Bplans Blog