ဂိမ်းကစားတယ်ဆိုရင် အဆိုးမြင်တတ်ကြတာ များပါတယ်။ တကယ်လည်း ဂိမ်းချည်းကစားတာ များပြီဆိုရင် အချိန်ဖြုန်းရာရောက်ပြီး ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို မလုပ်ဖြစ်တာကြောင့် ကျန်းမာရေးပြဿနာရှိလာနိုင်သလို အပစ်အခတ်ဂိမ်းတွေကြောင့် အကြမ်းဖက်လိုစိတ်တွေလည်း ဖြစ်စေတယ်လို့ လည်း ဝေဖန်ကြသူတွေ ရှိပါတယ်။
ဒါပေမယ့်လည်း ဂိမ်းကစားလို့ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါသေးတယ်။ သင့်တင့်လျောက်ပတ်တဲ့ ဂိမ်းမျိုးကို ရွေးချယ်ကစားခြင်းအားဖြင့် ကျွန်တော်တို့ အနေနဲ့  အောက်ပါကောင်းကျိုးများ ရရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) ကလေးများကို ပိုမို လေ့လာသင်ယူဖို့ ကူညီပေးနိုင်ပါတယ်
Source: New York Post
တစ်ချို့ဗွီဒီယိုဂိမ်းများဟာ တကယ့်ကို ပညာရေးပိုင်းပါတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ ဒီဂိမ်းတွေဟာ အက္ခရာနဲ့ ကိန်းဂဏန်းများအကြောင်း ကလေးများကို သင်ကြားပေးရာမှာ အထောက်အကူပြုသလို ဝေါဟာရများ ကျက်မှတ်ခြင်းနဲ့  ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့ ကို တိုးတက်စေမှာပါ။ ဥာဏ်သုံးရတဲ့ ဂိမ်းမျိုးကို ရွေးချယ်ကစားခြင်းဟာ ငယ်ရွယ်သူတို့ အတွက် ကျောင်းနေ ပျော်စေမယ့် အကြောင်းတရားများလည်း တစ်ပါတည်း ထည့်သွင်းပြီး ဖြစ်စေပါတယ်။
(၂) သုံးသပ်တွေးခေါ်နိုင်စွမ်း တက်စေပါတယ်
Source: Medical Xpress
ပဟေဠိဂိမ်းများကို ဦးတည်ထားတဲ့ ဗွီဒီယိုဂိမ်းတွေဟာ လူ့ရဲ့ သုံးသပ်တွေးခေါ်နိုင်စွမ်းနှင့် ဖန်တီးနိုင်စွမ်းများကိုလည်း တိုးတက်လာစေပါတယ်။ ပြဿနာရှင်းရတဲ့ ဂိမ်းများကို ကစားခြင်းအားဖြင့် ယုတ္တိကျကျတွေးခေါ်ချင့်ချိန်တတ်လာသလို ကိုယ့်ရွေးချယ်မှုတွေဟာ ဘယ်ပုံဘယ်နည်းနဲ့ သက်ရောက်မှု ရှိသွားနိုင်တယ်ဆိုတာကိုလည်း နားလည်လာစေပါတယ်။
(၃) ချက်ချင်းဆုံးဖြတ်နိုင်စွမ်း ရှိလာစေပါတယ်
Source: Variety
ဂိမ်းတွေကို ရုပ်ပိုင်းဖွံဖြိုးမှုဘက်ကနေပဲ ကြည့်ပြီး ဝေဖန်တာ များပေမယ့် တကယ့်ကောင်းကွက်လေးတွေလည်း ရှိနေပါသေးတယ်။ အမြန်တုန့် ပြန်ကစားရတဲ့ ဂိမ်းတွေကြောင့် လက်နဲ့ မျက်လုံး အချိုးညီပေါင်းစပ်နိုင်စွမ်းဟာ တိုးတက်လာရပါတယ်။ Screen ကနေမြင်တဲ့ အမြင်အာရုံနဲ့ လိုက်ဖက်အောင် လုပ်ရှားပေးခြင်းအားဖြင့် တုန့် ပြန်မှုစွမ်းရည် ကောင်းမွန်တိုးတက်လာပါတယ်။ ဖိအားရှိနေရင်တောင် အမြန်ဆုံးဖြတ်သွားနိုင်စေပါတယ်။
(၄) ရုပ်ပိုင်းတက်ကြွမှု ပေးနိုင်ပါတယ်
Source: raisingteensblog.com
ဗွီဒီယိုဂိမ်းအတော်များများဟာ ဂိမ်းရဲ့ တစ်စိတ်တစ်ဒေသအနေနဲ့  ရုပ်ပိုင်းစွမ်းရည်တွေ တက်လာအောင်လည်း ဖန်တီးလာကြပါတယ်။ Nintendo Wii ဂိမ်းကုမ္ပဏီကဆိုရင် ဂိမ်းလယ်ဗယ်တက်စေဖို့  ကစားသူကို မတ်တပ်ပြီး လှုပ်ရှားစေအောင် လုပ်ထားပါတယ်။ Xbox Kinect နဲ့ PlayStation Move လည်းပဲ ဒီအတိုင်းပါပဲ။ နောက်ပိုင်းဂိမ်းတွေမှာ ရုပ်ပိုင်းတက်ကြွလှုပ်ရှားမှု တိုးတက်လာစေဖို့ ဦးတည်ချက်ထားလာပါတယ်။ တစ်ချို့အားကစားဂိမ်းတွေဆို ကြံ့ခိုင်ဖို့ က အဓိကဆိုပြီး ရည်ရွယ်ထုတ်လုပ်ထားတာပါ။
(၅) ဂိမ်းဆိုတာ ပျော်စရာကောင်းတဲ့ ဖျော်ဖြေရေးတစ်မျိုးပါ
Source: FlexJobs
ဂိမ်းဆိုတာ ဖျော်ဖြေဖို့ အတွက် ဖြစ်ပါတယ်။ ဂိမ်းတွေမှာ သူ့ အကြောင်းအရာ နဲ့ သူ ၊ သူ့ စတိုင်နဲ့ သူ ရှိပြီးသားပါ။ ကစားသူကသာ ကိုယ့်အကြိုက် ကိုယ့်အရွယ်နဲ့ ချိန်ပြီး ကစားသင့်တာပါ။ ဂိမ်းအဆင့်သတ်မှတ်တဲ့ စနစ်ကလည်း ဒီလိုမျိုး ရွေးချယ်ကစားလို့ ရအောင် ကူညီပေးနေပါတယ်။
(၆) ကစားရကျိုးနပ်အောင် သင့်တော်တဲ့ ဂိမ်းကောင်းကောင်းရွေးဆော့လိုက်ပါ
Source: control4.com
ဗွီဒီယိုဂိမ်းတိုင်းမှာ အကြမ်းဖက်မှုတို့ အမုန်းစကားတို့ ပါတာမဟုတ်ပါဘူး။ ဂိမ်းအတော်များများက အရွယ်မရွေးဆော့လို့ ရပြီး အားလုံးနှစ်ခြိုက်စေတဲ့ ဂိမ်းတွေ ဖြစ်ပါတယ်။ Lego ဗွီဒီယိုဂိမ်းစီးရီးဆိုရင် ကလေးတွေအတွက် အလွန်သင့်တော်တဲ့ နာမည်ကြီး ဂိမ်းတွေပါ။ ဂိမ်းမှာပါတဲ့ အကြောင်းအရာသဘောလောက် သုံးသပ်ကြည့်ခြင်းအားဖြင့် လူတိုင်းနဲ့ သင့်တော်တဲ့ ဂိမ်းကောင်းလေးတွေကို ရွေးချယ်သွားနိုင်မှာ ဖြစ်ပါတယ်။