ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ၃ ခုအတွင်း လူပေါင်း ထောင်နဲ့ သောင်းနဲ့ချီ တွေ့ကြုံခဲ့ကြတာပါ။ ဒါပေမယ့်လည်း အခုနေ စာရင်းပြန်ချကြည့်ရင် တကယ် ရင်ဘတ်မိတ်ဆွေအဖြစ် ပေါင်းနေတာ ဘယ်နှစ်ယောက်များ ရှိပါပြီလဲ။ တကယ်လို့ ကိုယ့်ဘေးမှာ တစ်သက်လုံးပေါင်းလို့ရမယ့် မိတ်ဆွေ ၅ ယောက်လောက် ရှိရင်ကို ကံထူးရှင်လို့ ဆိုနိုင်ပါတယ်။
အခုပြောမယ့် ဘော်ဒါတွေကတော့ သင့်ဘဝတစ်လျှောက်လုံးမှာ Life-Time Friendship အဖြစ် သင့်နားမှာ အမြဲ ရှိမယ့်သူတွေပါ။ အင်မတန်လည်း ရှားပါလိမ့်မယ်။ သူတို့မှာ အခုလို ဉာဉ်လေးတွေလည်း ရှိတတ်ပါတယ်။
(၁) အချိန်နဲ့ အကွာအဝေးကြောင့် မိတ်ဆွေအဖြစ်က လျော့မသွားသူ
Photo: Pexels
သင်အထက်တန်းကျောင်းသားဘဝကတည်းကနေ အခုထိ ပုခုံးဖက် ပေါင်းလို့ရတဲ့ သူငယ်ချင်းတွေ ရှိရင် ကံကောင်းလိုက်တာလို့ ပြောချင်ပါတယ်။ လူတော်တော်များများက အဲဒီလို ကံကောင်းတာမျိုးနဲ့ မကြုံရလို့ပါ။ မိတ်ဆွေဖြစ်မှုဟာ အချိန်တွေ ၊ မိုင်တွေ ၊ ပြဿနာတွေ ၊ ရင်ဆိုင်စရာတွေ စတဲ့စတဲ့ စိန်ခေါ်မှုတွေအကြားက ရေစစ်နဲ့ စစ်ထုတ်လိုက်သလို ကျန်ခဲ့တဲ့ အရာ ဖြစ်ပါတယ်။
နှစ်ပေါင်းများစွာ ကွဲကွာသွားတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်မပြတ် အရင်လို ရင်းရင်းနှီးနှီး ရင်ဘတ်အပ်လို့ရတဲ့ သူငယ်ချင်းတွေက တစ်သက်လုံး ကိုယ်ပေါင်းသွားမယ့် မိတ်ဆွေဆိုတာ မမေ့ပါနဲ့။
(၂) သင်ပေါက်ကရလုပ်တာတွေကို ထောက်ပြပြီး တကယ်လိုအပ်ရင် ရှေ့က ရှိတယ်
Photo: Pexels
သင့်ကို အားနာမယ့် ကြောက်နေမယ့်သူတွေထဲမှာ သင့်မိတ်ဆွေတွေ မပါပါဘူး။ ပိုက်ဆံကြောင့်ပဲ ဖြစ်ဖြစ် ၊ ရာထူးအာဏာနဲ့ ပညာအရှိန်အဝါကြောင့်ပဲ ဖြစ်ဖြစ် သင့်အကျိုးအတွက် ပြောသင့်တဲ့ စကားကို ဖွင့်ပြောဖို့ ကြောက်မနေတဲ့ သူတွေက သင့်ရဲ့ မိတ်ဆွေပါပဲ။ သင့်လုပ်ခဲ့တဲ့ အရှုပ်ထုပ်တွေကို အားမနာတမ်း ဝေဖန်ဆူဆဲပြီး တကယ်အခက်အခဲမှာ ရှေ့တန်းက ရပ်နေသူတွေဟာ သင့်ရဲ့ ရဲဘော်ရဲဘက် မိတ်ဆွေတွေလို့ မှတ်သင့်ပါတယ်။
(၃) သင့်ကို ရင်ဖွင့်တယ်
Photo: Freepik
ဒီအချက်မှာ နည်းနည်း နက်နဲနီးစပ်တဲ့ ရင်းနှီးမှုပုံစံနဲ့ လာပါတယ်။ မိတ်ဆွေတွေအကြားမှာ အားကိုးတဲ့ သဘောလည်း ပါပါတယ်။ သူတို့ ကြုံရတဲ့ ပြဿနာ နဲ့ အစာမကြေခဲ့တဲ့ အရာတွေကို သင့်ဆီ လာရင်ဖွင့်ပါလိမ့်မယ်။ သင့် ပြဿနာကို သူတို့ ဝင်ထမ်းပေးခဲ့သလို သူတို့ကိုလည်း ဂရုစိုက်ပေးလိုက်ပါ။ တစ်သက်လုံး ပေါင်းမယ့် မိတ်ဆွေအတွက် ကိုယ့်ဘက်ကလည်း မိတ်ဆွေပီပီ ရပ်တည်ပေးဖို့လိုပါတယ်။
(၄) မနက်နှစ်နာရီ စာမေးပွဲ ဖြတ်သန်းနိုင်တယ်
Photo: Shutterstock
မိတ်ဆွေဟုတ်မဟုတ် 2 a.m test အောင်ရမယ်ဆိုတဲ့ Mike Henson ရဲ့ အယူအဆပါ။ ဟန်ဆန်ရဲ့ အဆိုအရ မနက်နှစ်နာရီကြီး အရေးပေါ် ကိစ္စနဲ့ ဖုန်းခေါ်ကြည့်လို့ ကိုယ်ခေါ်တဲ့ ဆီကို လာတဲ့သူကို ပြောတာပါ။ တကယ်တော့ ကိုယ်ရဲ့ နောက်ကွယ်မှာ ကိုယ့်အတွက် အချိန်မရွေး ရှိနေတဲ့ သူကို ညွှန်းတာ ဖြစ်ပါတယ်။
မိတ်ဆွေဆိုတာ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ချစ်ခင်ကြတဲ့ သူစိမ်းတစ်မျိုးပါ။ တစ်ဖက်မှာလည်း သူတို့ဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်း ချစ်ခြင်းမေတ္တာ ဖြန့်ကြက်ရင်း လောကမှာ နေပျော်စေတဲ့ အကြောင်းတရားတစ်ခုလည်း ဖြစ်ပါတယ်။