ပန်းချီကားတစ်ချပ်ကို ဝယ်ပြီးအိမ်မှာချိတ်ဆွဲထားတာက ပုံမှန်ပါပဲ။ ဘာမှမထူးဆန်းပါဘူး။ ဒါပေမဲ့ ပန်းချီဆရာရဲ့ စိတ်ကူးထဲမှာပဲ ရှိတဲ့ ပန်းချီကား တစ်ချပ်ကိုဝယ်တယ်ဆိုတာတော့ ပုံမှန်မဟုတ်တော့ပါဘူး။ ထူးဆန်းသွားပါပြီ။

နယူးယော့ခ် ပြတိုက်မှာ တကယ်ပဲ မမြင်ရတဲ့ အနုပညာတွေကို ထားရှိထားပါတယ်။ အနုပညာသည်တွေရဲ့ ဖော်ပြချက်တွေ ထင်မြင်ချက်တွေကိုသာ မြင်ရမှာပါ။ တကယ့် လက်ရာကိုတော့ မြင်ရမှာမဟုတ်ပါဘူး။ တစ်ချို့လူတွေက ဒီလိုထူးထူးဆန်းဆန်း အရာတွေအတွက် ပိုက်ဆံအများကြီးသုံးပြီး ဝယ်ယူလေ့ရှိကြပါတယ်။

တစ်ခြားဘယ်လို ထူးထူးဆန်းဆန်းအရာတွေအတွက် ဘယ်လိုလူတွေက ငွေတွေအများကြီးသုံးလဲဆိုတာ kwee ကဒီနေ့ပြောပြပေးသွားမှာပါ။

ရှုပ်ပွနေတဲ့ အိပ်ရာ (ဒေါ်လာ ၄ သန်း)

ဗြိတိသျှ အနုပညာရှင် Tracey Emin ကရောင်းခဲ့တာပါ။ ၁၉၉၉ သူမ စိတ်ဓာတ်ကျနေတဲ့အချိန်တွင် အိပ်ရာထဲမှာပဲ ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အမှိုက်တွေနဲ့ ရှုပ်ပွနေတဲ့ “My Bed” လို့နာမည်ပေးထားတဲ့ သူ့မရဲ့အိပ်ယာကို လေလံတင်ရောင်းရာမှာ Charles Saatchi ဆိုသူက ဒေါ်လာ ၁ သိန်းခွဲနဲ့ ဝယ်ယူခဲ့ပါတယ်။ နောက်ပိုင်း ဒီအိပ်ရာကို ပြန်ရောင်းခဲ့ရာမှာ ဒေါ်လာ ၄ သန်းအထိ ရရှိခဲ့ပါတယ်။

ဆံပင် (ဒေါ်လာ ၁ သန်း)

၂၀၀၇ ခုနှစ်မှာ နာမည်ကျော်အဆိုတော့ Britney Spears ပရိသတ်တွေမထင်မှတ်တာကို လုပ်ခဲ့ပါတယ်။ သူမရဲ့ ရှည်လျားလှတဲ့ ဆံပင်ကို ဖြတ်ပြီး ကတုံးတုံးပစ်လိုက်တာပါ။ သူမ ဆံပင်ညှပ်ခဲ့တဲ့ ဆိုင်ရှင်ကတော့ အဆိုပါအဆိုတော်ရဲ့ဆံပင်ကို ဒေါ်လာ ၁ သန်းထက်မလျှော့တဲ့ ဈေးနဲ့ လေလံတင်ရောင်းချခဲ့ပါတယ်။

ဒေါ်လာ ၅၃၀၀ တန် တစ်ရှူး

The Tonight Show မှာ နာမည်ကြီး သရုပ်ဆောင်မင်းသမီး Scarlett Johansson အသုံးပြုခဲ့တဲ့ တစ်ရှူး ကိုလေလံတင် ရောင်းချခဲ့ပါတယ်။ သူမရဲ့ သလိပ် ပေနေတဲ့ ဒီ တစ်ရှူးကို ပလက်စတစ်အိတ်ထဲထည့်ပြီး ရောင်းချခဲ့ရာမှာ ဒေါ်လာ ၅၃၀၀ ရရှိခဲ့ပါတယ်။ ဝယ်သူကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။

ဒေါ်လာ ၁ သောင်းတန် ပန်းချီကား

၂၀၁၁ ခုနှစ်တုံးက ပန်းချီဆရာရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာပဲရှိတဲ့ “Fresh Air” လို့ခေါ်တဲ့ ပန်းချီကားကို ဒေါ်လာ ၁ သောင်းနဲ့ ရောင်းထွက်ခဲ့ပါတယ်။ ဒါတကယ်ဖြစ်ခဲ့တာပါ။ ပန်းချီကားက ပန်းချီဆရာရဲ့ ခေါင်းထဲမှာပဲ ရှိတာပါ။

Source: Bright Side