နှစ်လိုဖွယ် လူတစ်ယောက် ဖြစ်ရခြင်းဟာ အတော်လေး ကံထူးပါတယ်။ လူတွေဟာ သဘာဝကိုက အများရဲ့ ချစ်ခင်နှစ်သက်မှုကို လိုချင်ကြပါတယ်။ စီးပွားရေးလောကမှာပဲ ဖြစ်ဖြစ် လူမှုရေး နယ်ပယ်မှာပဲ ဖြစ်ဖြစ် လူချစ်လူခင် ပေါများတဲ့သူတစ်ယောက်အတွက် အလုပ်အကိုင် အဆင်ပြေပွင့်လန်းသလို သွားလေရာ လာလေရာမှာ မျက်နှာပန်းလှနေမှာပါ။
ဒီလို လူချစ်လူခင် များတဲ့ သူ ဖြစ်ဖို့ဆိုရင် နေ့တိုင်းနေ့တိုင်းမှာ အခုပြောမယ့် နည်းလမ်း (၅) သွယ်ကို လက်ကိုင်ပြုပြီး လူတွေကို ဆက်ဆံသင့်ပါတယ်။
(၁) ပြုံးပါ

Photo: Pexels
အပြုံးဟာ လူချစ်လူခင် များစေဖို့ အရေးကြီးဆုံး နဲ့ အသုံးတည့်ဆုံး အရာ ဖြစ်ပါတယ်။ အပြုံးဟာ စရိတ်စက နည်းသလောက် တန်ဖိုးကြီးသလို အရာလည်း ရောက်ပါတယ်။ ဘယ်သူမဆို အပြုံးနဲ့ ချဉ်းကပ်လာသူတိုင်းကို နှစ်သက်သဘောကျကြပါတယ်။ ဒီတော့ လူချစ်လူခင် များချင်ရင် အပြုံးကို မျက်နှာမှာ ဆောင်ထားပါ။
(၂) ဟာသဥာဏ်ရွှင်ပါစေ

Photo: Pexels
လူတွေကို ပျော်စေသူဟာ လူချစ်လူခင် ပေါပါတယ်။ လူတွေကို ပြုံးအောင် ရယ်အောင် လုပ်ပေးသူကို လူတွေက သဘောကျတာဟာ လူ့သဘာဝပါပဲ။ ဒီတော့ ရွှင်မြူးထက်သန်တဲ့ ဟာသဥာဏ်ရှိအောင် လေ့လာဖို့ အကြံပြုချင်ပါတယ်။
(၃) လူတွေကို ရင်းရင်းနှီးနှီး ဆက်ဆံပါ

Photo: Pexels
ကိုယ်နဲ့ စကားပြောနေတဲ့သူကို နှစ်ပေါင်းများစွာကတည်းက မိတ်ဆွေတွေသဖွယ် ရင်းနှီးလှိုက်လှဲတဲ့ စိတ်နဲ့ ဆက်ဆံမယ်ဆိုရင် လူချစ်လူခင် များသူ ဖြစ်လာပါလိမ့်မယ်။ ဖော်ရွေပျူငှာသူဟာ ရောက်လေရာ နေရာမှာ ချစ်သူခင်သူ ပေါပါလိမ့်မယ်။
(၄) အသိအမှတ်ပြုပေးပါ

Photo: Unsplash
လူတွေဟာ သူတို့ကို အရေးပါတဲ့သူအဖြစ် အသိအမှတ်ပြု နေရာပေးတာကို သဘောကျပါတယ်။ သူတစ်ထူးရဲ့ ပြုဖူးတဲ့ ကျေးဇူးတရားကို ထုတ်ဖော်ပြောကြားတဲ့အပြင် ကျေးဇူးဆပ်တတ်တဲ့ အလေ့ ရှိသူကို လူတိုင်းက ချစ်မှာပါ။ နောက်တစ်ခုက နားထောင်ကောင်းတဲ့သူဖြစ်ဖို့ ကြိုးစားပါ။ လူတွေရဲ့ ရင်ထဲက သူတို့ ပြောလိုတဲ့ စကား ၊ သူတို့ ဖြတ်သန်းလာခဲ့ရာ ဘဝဇာတ်လမ်းတွေကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးသူကို ဘယ်သူမဆို လက်ခံကြိုဆိုကြပါလိမ့်မယ်။
(၅)နာမည်တွေ မှတ်သားထားပါ

Photo: Pexels
ကိုယ်နဲ့ ဆက်ဆံဖူးတဲ့ လူတွေရဲ့ နာမည်နဲ့ အမှတ်တရတစ်ချို့ကို မှတ်မိခြင်းဟာ လူမှုဆက်ဆံရေးမှာ တကယ်ပဲ အရေးပါပါတယ်။ ဒါဟာ အပေါ်ယံတင် ရေလိုက်ငါးလိုက် ပေါင်းသင်းတတ်သူတွေနဲ့ ကိုယ့်ကို ကွဲပြားသွားတဲ့ ပင်မအကြောင်းတရားလည်း ဖြစ်ပါတယ်။ အခါအခွင့်သင့်တိုင်း သူတို့နာမည်တွေကို မကြာခဏ ထုတ်ပြောတတ်သူကို အလေး အနက် ရှိသူအဖြစ် လူတွေက အသိအမှတ်ပြုကြပါတယ်။
အခုပြောတဲ့ အချက် (၅) ချက်ကို နေ့စဉ်ဘဝမှာ သုံးနိုင်ရင်ကိုပဲ လူချစ်လူခင်များတဲ့သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။
