ဘယ်အလုပ်ခွင်ပဲရောက်ရောက် ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအဖြစ် နာမည်ကောင်းရချင်ပါသလား။ ဒါဆိုရင်တော့ အခုပြောပြမယ့် အချက်တွေလိုက်နာပြီး အလုပ်မှာ ပရော်ဖက်ရှင်နယ်ဆန်သူတစ်ယောက်အဖြစ် ကိုယ့်ရဲ့ ပုံရိပ်ကိုတည်ဆောက်လိုက်ပါ။

(၁) ရုံးစောစောသွားပါ

Source : Freepik

ရုံးနောက်ကျတယ်ဆိုတာ တစ်ကြိမ်နှစ်ကြိမ်ထက်ပိုပြီးမဖြစ်သင့်တဲ့ အရာတစ်ခုပါ။ဒီနေ့ကိုယ်ရုံးရောက်တာနောက်ကျရင် နောက်နေ့မှာအိမ်ကနေ ပိုစောပြီးထွက်သင့်ပါတယ်။ရုံးချိန်မတိုင်ခင် နာရီဝက်တစ်နာရီအလိုလောက်အထိ စောသွားဖို့မလိုအပ်ပေမယ့်လည်း အနည်းဆုံး ၁၅ မိနစ်လောက်ကြိုရောက်နေသင့်ပါတယ်။ရုံးစောစောရောက်ခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်စေသလို ပရော်ဖက်ရှင်နယ်ဆန်တဲ့ လုပ်ရပ်တစ်ခုလည်းဖြစ်ပါတယ်။

(၂) အလုပ်စားပွဲကိုပြင်ဆင်ပါ

Source : SaneBox Blog

အလုပ်စားပွဲကိုသန့်ရှင်းသပ်ရပ်စွာထားခြင်းဟာလည်း ပရော်ဖက်ရှင်နယ် ဆန်တဲ့ ဝန်ထမ်းတို့ရဲ့ ကျင့်ထုံးတစ်ခုဖြစ်ပါတယ်။မနက်ရုံးရောက်တာနဲ့ အလုပ်စားပွဲကိုအရင်ဆုံးပြင်ဆင်သင့်ပြီး စာရွှက်စာတမ်း ကွန်ပြူတာ တခြားသော စာရေးကိရိယာပစ္စည်းများ ဖိုင်များ စသည်ဖြင့် အရာအားလုံးကို သူနေရာနဲ့သူ အလွယ်တကူယူလို့ရအောင် သေသေသပ်သပ်ထားသင့်ပါတယ်။အလုပ်စားပွဲကိုသပ်သပ်ရပ်ရပ်ထားခြင်းက အလုပ်လုပ်ရတာပိုပြီးကောင်းစေသလို အလုပ်ပြီးမြောက်မှုလည်းပိုမိုမြန်ဆန်စေပါတယ်။

(၃) အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်ပါ

Source : Herzing College

ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်ဖို့ အဓိကလိုအပ်တဲ့ အရည်အချင်းတစ်ခုက အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တက်ခြင်း ဖြစ်ပါတယ်။ လုပ်ငန်းတာဝန်တွေကို သင်တစ်ယောက်တည်းလုပ်ဆောင်ခြင်းထက် အသင်းအဖွဲ့နဲ့ ပူးပေါင်းလုပ်ဆောင်တက်ခြင်းက အလုပ်ပိုမိုပြီးမြောက်အောင်မြင်စေမှာဖြစ်ပါတယ်။ပရော်ဖက်ရှင်နယ်ဆန်တဲ့ဝန်ထမ်းတိုင်းလိုလို မိမိတစ်ကိုယ်တည်းနာမည်ကောင်းယူခြင်းထက် အသင်းအဖွဲ့နဲ့လုပ်ဆောင်ပြီးရရှိလာတဲ့ အောင်မြင်မှုကိုပိုနှစ်သက်မက်မောကြပါတယ်။

(၄) တာဝန်ယူမှုတာဝန်ခံမှုရှိပါ

Source : Shutterstock

ထူးချွန်ထက်မြက်တဲ့ ဝန်ထမ်းကောင်းတို့မည်သည် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိကြပါတယ်။ အမှားလုပ်မိရင်လည်း တောင်းပန်စကားပြောဖို့ဝန်မလေးသလို ချီးကျူးထိုက်သူကိုလည်း ဂုဏ်ပြုစကားဆိုဖို့ဝန်မလေးကြပါဘူး။ အလုပ်ခွင်မှာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါကလား တခြားသူတွေအပေါ် အပြစ်တင်ခြင်း ပုံချခြင်းထက် ကိုယ်တိုင်တည်ငြိမ်စွာပဲ ဖြေရှင်းရမယ့်နည်းလမ်းကိုရှာကြတာဖြစ်ပါတယ်။ဒါကြောင့် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဝန်ထမ်းကောင်းဖြစ်ချင်ရင် တာဝန်ယူမှုတာဝန်ခံမှုရှိရပါမယ်။