စိတ်ဓါတ်ကြံ့ခိုင်ခြင်းဆိုတာ အလေးမပြီး ကြွက်သားတွေကို လေ့ကျင့်ပေးနေသလိုမျိုး ကိုယ့်ရဲ့ စိတ်ကို လေ့ကျင့်တဲ့ လေ့ကျင့်ခန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ စိတ်ကျန်းမာတယ်ဆိုတာ မှန်မှန်ကန်ကန် တွေးတော ဆင်ခြင်ပြုမူနိုင်တာ ဖြစ်ပြီး စိတ်ဓါတ်ကြံ့ခိုင်တဲ့သူဆိုတာကတော့ လောကဓံအထုအထောင်းတွေ နဲ့ နေ့စဉ်ကြုံနေတဲ့ စိတ်ခံစားမှုတွေကို နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တဲ့သူလို့ ဆိုနိုင်ပါတယ်။ ကိုယ်ကာယကြွက်သားတွေလိုပဲ စိတ်ကို ကြံ့ခိုင်လာအောင် ပုံသွင်းပေးလို့ရပါတယ်။ Mental Fitness ပိုကောင်းလာဖို့ နေ့တိုင်းမှာ ပုံမှန် လေ့ကျင့်ပေးဖို့ လိုပါတယ်။

(၁) ကိုယ်ကာယက စပြင်ပါ

Photo: Unsplash

ကာယဗလမောင်တစ်ယောက်လို ကြွက်သားအဖုဖုတွေ ဖြစ်စရာမလိုပါဘူး။ ကျန်းမာရွှင်လန်းတဲ့ လူတစ်ယောက် ဖြစ်စေဖို့အတွက် တကယ့်အခြေခံလေးတွေ လုပ်ပေးနေရင်ကိုပဲ စိတ်ကြံ့ခိုင်ရေးအတွက် တာထွက်ကောင်းတယ်လို့ ဆိုနိုင်ပါတယ်။ ကောင်းကောင်းအိပ်ပါ ၊ အစားအသောက် ကောင်းကောင်းစားပြီး ပုံမှန် ကိုယ်လက် လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ။ ဒါတွေက ရိုးရှင်းလိုက်တာလို့ ဆိုနိုင်ပေမယ့် စိတ်ကြံ့ခိုင်သူ ဖြစ်ဖို့ အခြေခံကောင်းတွေလည်း ဖြစ်ပါတယ်။

(၂) Self-Awareness ဖွံ့ဖြိုးအောင် လုပ်ပါ

Photo: Pexels

ကိုယ့်စိတ်ခံစားချက်နဲ့ တုန့်ပြန်မှုပုံစံကို သတိနဲ့ စောင့်ကြည့်တတ်တဲ့ အကျင့်လေးတွေ လုပ်ပေးပါ။ ကိုယ့်အားနည်းချက်က ဘာလဲ ။ အားသာချက်က ဘာလဲ ။ ဒါတွေကို ပြည့်ပြည့်ဝဝ နားလည်ထားရင် ကိုယ့်ခံစားချက်ကို ထိန်းချုပ်ဖို့ ပိုလွယ်လာပါလိမ့်မယ်။ ရင့်ကျက်လာတဲ့သူဟာ လက်လွတ်စပယ် မတုန့်ပြန်ပါဘူး။ ကိုယ့်ရဲ့ သဘောထားအမှားတွေကို ပြုပြင်ဖို့လည်း နေ့စဉ် သင်ယူပေးဖို့ လိုပါတယ်။

(၃) ဉာဏ်စမ်းကစားနည်းတွေ ကစားပါ

Photo: Pexels

ဦးနှောက်ကို ထက်သန်ကြံ့ခိုင်စေတဲ့ အရာတစ်ခုက အလုပ်ပေးခြင်းဖြစ်ပါတယ်။ ဦးနှောက်အလုပ်ပေးတဲ့ အရာတွေထဲမှာ စာဖတ်တာ ၊ ဆွေးနွေးတာ ၊ ဆင်ခြင်စဉ်းစားတာနဲ့ Brain Games တွေကစားတာမျိုးတွေ ပါဝင်ပါတယ်။ စာဖတ်ဖို့ သိပ်ဝါသနာမပါရင် Sudoku လောက်တော့ ဆော့သင့်ပါတယ်။

(၄) အရေးကြီးတာတွေပေါ် အာရုံစိုက်ပါ

Photo: Unsplash

အလေးမထားသင့်တာတွေကို ချန်လှပ်ထားနိုင်ပြီး အရေးပါတဲ့ ကိစ္စတွေမှာ အာရုံစိုက်တာက စိတ်ကို ခိုင်းနေတာ ဖြစ်ပါတယ်။ စိတ်ကို ကောင်းကောင်း ခိုင်းတတ်သူဟာ စိတ်ရဲ့ သခင်ဖြစ်ပါတယ်။ မရသင့်တာကို မယူတာ ၊ မလုပ်သင့်တာကို ရှောင်ကြဉ်တာနဲ့ မပြောသင့်တဲ့ စကားကို မြိုသိပ်တာမျိုးက စိတ်ရဲ့ သခင်တွေပဲ လုပ်နိုင်တဲ့ အရာ ဖြစ်ပါတယ်။

(၅) သည်းခံစိတ်ရှည်တတ်တဲ့ အလေ့အကျင့် လုပ်ထားပါ

Photo: Unsplash

အလွယ်တကူ ဒေါသထွက်တတ်တာ ၊ စိတ်ဆတ်လွန်းတာတွေဟာ မရင့်ကျက်သူတို့ အပြုအမှုပါ။ ကိုယ်ရည်ကိုယ်သွေး ကောင်းကောင်း ဖွံ့ဖြိုးတဲ့သူတွေဟာ စိတ်ရှည်တယ်။ သည်းခံခြင်းတရား လက်ကိုင်ထားပါတယ်။ စိတ်ကို စည်းနဲ့ ကမ်းနဲ့ ထိန်းထားနိုင်လို့ နောင်တရစရာတွေ လုပ်မိတာမျိုးလည်း နည်းပါတယ်။

Mental Fitness ဟာ Gym ခန်းထဲ သွားပြီး အားကစားလုပ်သလိုမျိုး ကိုယ်ရောက်လေရာ နေရာတိုင်းမှာ ကိုယ့်စိတ်ကိုယ်ကို အလေးမနေတာပါ။ ကိုယ့်စိတ်ကိုယ်ကို အကြောလျှော့နေတာပါ။ စိတ်ဓါတ်ကြံ့ခိုင်သူဖြစ်ဖို့ Mental Fitness လေ့ကျင့်ခန်း များများလုပ်သူဟာ ဘဝပြဿနာတွေကို ပိုပြီး အောင်အောင်မြင်မြင် ဖြတ်ကျော်ဖြေရှင်းနိုင်သူ ဖြစ်လာပါလိမ့်မယ်။