ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာ့ဘောလုံးလောကမှာ အအောင်မြင်ဆုံးကစားသမားတွေထဲက တစ်ဦးဆိုတာ အားလုံးယုံမှားသံသယမရှိ လက်ခံထားကြပြီး အခုလို အောင်မြင်လာဖို့အတွက် ဖြတ်သန်းခဲ့ရတဲ့အရာတွေ များစွာရှိခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံ မဒီရာကျွန်းမြို့လေးမှာ မွေးဖွားခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်း ပြင်းပြထက်သန်တဲ့ စိတ်ထားရှိသူတစ်ဦးဖြစ်တာကြောင့် အောင်မြင်တိုးတက်ရေးလမ်းကြောင်းပေါ် မရောက်ရောက်အောင် ကြိုးပမ်းအားထုတ်ခဲ့သူဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝကို အန်ဒိုရင်ဟာအသင်းမှာ စတင်ခဲ့သူဖြစ်ပြီး နေစီယွန်နယ်နဲ့ စပို့တင်းလစ္စဘွန်းတို့ကို ပြောင်းရွှေ့ကစားခဲ့ရင်း ၂၀၀၂ ခုနှစ်မှာ စပို့တင်းလစ္စဘွန်းပထမအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခွင့်ရရှိခဲ့သူဖြစ်ပါတယ်။

Photo: En.as

ရော်နယ်ဒိုရဲ့ အောင်မြင်ရေးလမ်းစဟာ ၂၀၀၃ ခုနှစ် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ချိန်မှာ စတင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုနဲ့အပြိုင် ဝိန်းရူနီကလည်း ယူနိုက်တက်မှာ တောက်ပနေတဲ့ ကြယ်ပွင့်တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုရဲ့ အလုပ်အပေါ်မှာထားရှိတဲ့ ပြင်းပြထက်သန်တဲ့ ခံယူချက်သဘောထားကြောင့် အခြားကစားသမားတွေအားလုံးထက် အမြဲတမ်းနှာတဖျားအသာရရှိခဲ့ပြီး လက်ရှိအချိန်မှာတော့ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ ဘလွန်းဒီအော်ဆု ၅ ကြိမ်အထိ ရရှိထားပြီးဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်တန်းအဆင့်ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး စီးရီးအေချန်ပီယံ ဂျူဗင်တပ်အသင်းမှာ ဂိုးသွင်းစွမ်းရည်ကို ဆက်လက်ပြသနေဆဲဖြစ်ပါတယ်။ ရော်နယ်ဒိုက ယခုလို အောင်မြင်တဲ့ကစားသမားတစ်ယောက်ဖြစ်လာအောင် ကိုယ်တိုင်ကျင့်သုံးနေတဲ့ သဘောထားခံယူချက်တွေကို အားလုံးသိအောင် မျှဝေခဲ့ပြီး အဲဒီထဲကမှ တိုးတက်ကြီးပွားချင်သူတွေအတွက် အထောက်အကူဖြစ်စေမယ့်စကား ၅ ခွန်းကို ဖော်ပြပေးလိုက်ရပါတယ်။

Photo: Merca

၁။ ကျွန်တော်က အိပ်မက်ထဲမှာ နေထိုင်နေပြီး အဲဒီအိပ်မက်ကနေ ဘယ်တော့မှ မနိုးထချင်ပါဘူး။

၂။ ကျွန်တော်က ပြီးပြည့်စုံတဲ့လူတစ်ယောက်မဟုတ်ပါဘူး။ ဒါပေမယ့် အရာအားလုံးက ကောင်းမွန်စွာပြီးမြောက်သွားတယ်ဆိုတဲ့ ခံစားချက်မျိုး ခံစားချင်တယ်။ အဲဒီထက် ပိုပြီးအရေးကြီးတာက နည်းပြတွေနဲ့ ပရိသတ်တွေ စိတ်ကျေနပ်ဖို့ချည်းပဲမဟုတ်ဘဲ ကျွန်တော့်ကိုယ် ကျွန်တော် စိတ်ကျေနပ်တယ်ဆိုတဲ့ ခံစားချက်မျိုးလည်း ရအောင် သင်ယူဖို့၊ တိုးတက်ဖို့၊ အမြဲမပြတ်တိုးတက်ပြောင်းလဲလာဖို့ကို ကန့်သတ်မထားပါဘူး။ လေ့လာသင်ယူဖို့အတွက် ကန့်သတ်ထားတာမျိုးမရှိဘဲ ကျွန်တော်တို့အသက်တွေ ဘယ်လောက်ပဲကြီးနေပါစေ သင်ယူမှုက ဘယ်တော့မှ ရပ်တန့်မှာမဟုတ်ဘူးလို့ ခံယူထားပါတယ်။

၃။ ခင်ဗျားရဲ့ချစ်ခြင်းမေတ္တာက ကျွန်တော့်ကို သန်မာစေတယ်။ ခင်ဗျားရဲ့အမုန်းတရားက ကျွန်တော့်ကို ရပ်တန့်လို့မရနိုင်တဲ့သူဖြစ်စေတယ်။

၄။ ခင်ဗျားက ပြီးပြည့်စုံပြီးသားလူလို့ ထင်နေရင် ဘယ်တော့မှ ပြီးပြည့်စုံတဲ့သူ ဖြစ်လာမှာမဟုတ်တော့ပါဘူး။

၅။ အချိန်တိုင်း ပြင်းပြင်းထန်ထန်ကြိုးစားပါ။ ယုံကြည်မှုထားပါ။ စိတ်ဆန္ဒပြင်းပြထက်သန်ပါစေ။