ရေချိုးခန်းတွေဟာ အိမ်ထဲက တစ်ခြား အခန်းတွေနဲ့ မတူပါဘူး။ စိုထိုင်းဆမြင့်မားတဲ့ ရေချိုးခန်းတွေဟာ ဘက်တီးရီးယားနဲ့ ပိုးမွှားတွေ အလွယ်တကူ ပေါက်ပွားနိုင်တာ ဖြစ်လို့ ရေချိုးခန်းထဲမှာ အခုပြောမယ့် ပစ္စည်းတွေ သိမ်းထားတာမျိုး မလုပ်သင့်ပါဘူး။

(၁) ဆေးပစ္စည်းများ

Photo: BBC

ရေချိုးခန်းဆိုတာ ဆေးဗူးထည့်တဲ့ ဗီရိုမဟုတ်ပါဘူး။ အပူချိန်မမှန်တဲ့အပြင် စွတ်စိုထိုင်းမှိုင်းမှုလည်း မြင့်မားတဲ့ အခန်းမျိုးမှာ ဆေးဝါးတွေ ထားသိုတာဟာ မကောင်းပါဘူး။

(၂) လျှပ်စစ်ပစ္စည်းများ

Photo: RD

ရေချိုးခန်းထဲမှာ လျှပ်စစ်ပစ္စည်းတွေ မထားဖို့ အကြံပေးချင်ပါတယ်။ လူအတွက်လည်း အန္တရာယ်များသလို ပစ္စည်းလည်း အမြန်ပျက်စီးလွယ်ပါတယ်။

(၃) ရေမွှေး

Photo: Unsplash

ရေမွှေးပုလင်းကို ထားဖို့ အကောင်းဆုံးနေရာက အံဆွဲဗီရိုထဲမှာပါ။ ရေချိုးခန်းထဲမှာ ထားမယ်ဆိုရင် ရေမွှေးအနံ့လည်း သိပ်ကြာကြာစွဲတော့မှာ မဟုတ်သလို အနံ့ပါ ပျက်သွားနိုင်ပါတယ်။

(၄) သွားတိုက်တံ

Photo: Unsplash

၂၀၁၂ ခုနှစ်က မန်ချက်စတာတက္ကသိုလ်ဟာ လေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာမှုအရ ‌သွားတိုက်တံတွေဟာ အိမ်သာထိုင်ခုံတွေထက် ဘက်တီးရီးယားပိုများနိုင်တယ်လို့ ဆိုပါတယ်။ ရေချိုးခန်းထဲမှာ ထားတဲ့ သွားတိုက်တံတွေရဲ့ ၆၀% ဟာ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေ တွယ်ကပ်နိုင်ပါတယ်။

သွားတိုက်တံတွေမှာ ဘက်တီးရီးယားပိုးတွေ ကင်းရှင်းစေဖို့ အသုံးပြုပြီးတိုင်း ရေစင်အောင်ဆေးပြီး လေနဲ့ အခြောက်ခံရမှာ ဖြစ်ပါတယ်။

(၅) မုတ်ဆိတ်ရိတ်ဓါး

Photo: Unsplash

မျက်နှာသစ်ရင်း တစ်ခါတည်း မုတ်ဆိတ်ရိတ်ဖို့အတွက် မုတ်ဆိတ်ရိတ်ဓါးကို ရေချိုးခန်းထဲ ထားတာ အဆင်ပြေပေမယ့် ပြဿနာရှိပါတယ်။အကြောင်းကတော့ ရေချိုးခန်းထဲက အစိုဓါတ်ဟာ သတ္ထုဓါးသွားတွေကို သံချေးကိုက်စေနိုင်တာကြောင့် မုတ်ဆိတ်ရိတ်ရင်း မတော်တဆ ဓါးရှသွားရင် မေးခိုင်ရောဂါအတွက် စိုးရိမ်ရပါတယ်။