အရွယ်ရောက်သူတိုင်း ဝက်ခြံဖြစ်နေကျပါ။ ဝက်ခြံဖြစ်သူတွေရဲ့ ၈၅% ဟာ အသက် ၁၂ နှစ်ကနေ ၂၄ နှစ်အရွယ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ဆိုးတာက ဝက်ခြံတွေ ပျောက်သွားချိန်မှာတောင် လက်နဲ့ ညှစ်မိတဲ့ ဒဏ်ကြောင့် အမာရွတ်တွေ ဖြစ်ကျန်နေတတ်တာပါပဲ။ ဝက်ခြံကြောင့် ဖြစ်တဲ့ အမာရွတ်ကို ဆေးပညာအရ ၄ မျိုး ခွဲထားပါတယ်။ အရေပြားမှာ တွင်းပေါက်လေးလို ဖြစ်ကျန်ခဲ့တဲ့ Ice Pick မျိုး ၊ အပိမ့်ပုံစံနဲ့ သိပ်မနက်တဲ့ Rolling Scar အမာရွတ်မျိုး ၊ သိသိသာသာချိုင့်ခွက်ဖြစ်လာတဲ့ Boxcar မျိုးနဲ့ အဖုကြီးတွေ ဖြစ်ကျန်ခဲ့တဲ့ Hypertrophic Scar အမျိုးအစားတွေပါပဲ။ ဘာကြောင့်ပဲ ဝက်ခြံဖြစ်လာဖြစ်လာ လက်နဲ့ မညှစ်မိအောင် ရှောင်ပါ။

Photo: menshealth

ဝက်ခြံအမာရွတ်တွေ ကုသရာမှာ ပထမအဆင့်အနေနဲ့ နူးညံ့တဲ့ ဓါတုချေးချွတ်မှုလုပ်သင့်ပါတယ်။ Exfoliator ပါတဲ့ Skin Care ဟာ အယ်လ်ဖာနဲ့ ဘီတာဟိုက်ဒရောဆီအက်ဆီတွေ ပါဝင်တာကြောင့် ဆဲလ်သေတွေ ဖယ်ရှားပေးပြီး ကော်လာဂျင်ထုတ်လုပ်မှု လှုံ့ဆော်ပေးပါတယ်။ နောက်တစ်ခုက ကိုယ်လိမ်းမယ့် Serum ထဲမှာ ဗိုက်တာမင်စီ ၊ အသားအရေတောက်ပစေတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း နဲ့ အရေပြားဆဲလ်သစ်တွေ ဖြစ်စေပြီး နူးညံ့ချောမွေ့စေမယ့် ဗိုက်တာမင်အီးတို့ ပါဖို့ လိုပါတယ်။

အိမ်သုံးဝက်ခြံအမာရွတ်ကုသရာမှာ တစောင်းလက်ပတ် ဂျယ်လ်ကို မျက်နှာပေါ် မိနစ် ၃၀ ခန့်ထားပြီး မျက်နှာသစ်တာမျိုးလည်း လုပ်ပေးနိုင်ပါတယ်။ သူကတော့ နေ့တိုင်း တစ်နေ့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ လုပ်ပေးရမှာပါ။ တစ်ချို့ကလည်း သံပုရာအရည်ကို အမာရွတ်ပေါ် ပွတ်ပြီး ၁၀ မိနစ်ထားပြီး ရေနဲ့ ဆေးကြပါတယ်။ ဒါမျိုးကလည်း တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် လုပ်ပေးရမှာ ဖြစ်ပါတယ်။ တကယ်လို့ ပျားရည်ရှိရင်တော့ ပျားရည်နဲ့ သံပုရာဆတူရောပြီး အမာရွတ်ပေါ် ၁၅ မိနစ်ခန့်ကြာအောင် ထားတဲ့ Treatment ကို တစ်နေ့တစ်ကြိမ် လုပ်ပေးနိုင်ပါတယ်။

Ice Pick ၊ Rolling နဲ့ Boxcar ပုံစံအမာရွတ်မျိုးမှာ အရေပြားအားဖြည့်ပေးမယ့် ကော်လာဂျင်မြှင့်ပေးမယ့် လေဆာ Smoothbeam ကုသမှုမျိုး လုပ်ရမှာပါ။ ကော်လာဂျင်ထုတ်လုပ်မှု တိုးမြှင့်လိုက်တာနဲ့ အမာရွတ်ဟာ ကျန်တဲ့ အသားရေနဲ့ တစ်ပြေးညီ ဖြစ်လာပြီး ချိုင့်ထင်တာမျိုး မကျန်တော့မှာ ဖြစ်ပါတယ်။ Hypertrophic Scar လိုမျိုး အမာရွတ်ဖုကြီးတွေမှာတော့ ကော်လာဂျင်လျှော့တဲ့ ကုသမှုမျိုး လုပ်ရမှာ ဖြစ်ပြီး ဆီလီကွန်ဂျယ်လ် ၊ စတီးရွိုက်ထိုးတာနဲ့ လေဆာပစ်တာမျိုး ပါဝင်မှာပါ။

Photo: Askmen

ဝက်ခြံနဲ့ ဝက်ခြံအမာရွတ်တွေဟာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်သလောက် ကာကွယ်သင့်တဲ့ အလှအပရေးရာ ပြဿနာတွေ ဖြစ်ပါတယ်။ မျက်နှာအရေပြားမှာ ချွေး ၊ အဆီနဲ့ အညစ်အကြေးတွေ ရှိခြင်းဟာ ဝက်ခြံပိုဖြစ်စေနိုင်ပါတယ်။ ပုံမှန် မျက်နှာသစ် သန့်ရှင်းတာအပြင် ညဘက်မှာလည်း မျက်နှာသစ်ပြီးမှ အိပ်ရာဝင်မယ်ဆိုရင် ဝက်ခြံအဖြစ်နည်းစေနိုင်ပါတယ်။ ဝက်ခြံမဖြစ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပေးဖို့လိုပြီး အငန် အဆီမ့် စတဲ့ အစားအသောက်မျိုးတွေလည်း ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။