ပြဿနာ (Problem) ဆိုတာ ကျွန်တော်တို့ နေ့စဉ်လူမှုဘဝရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုရလောက်အောင် တွင်ကျယ်နေတဲ့ အရာတစ်ခုပါ။ ကျွန်တော်တို့ဟာ အိမ်မှာပဲ ဖြစ်ဖြစ် ၊ အလုပ်မှာပဲ ဖြစ်ဖြစ် ၊ ပေါင်းသင်းဆက်ဆံရေးမှာပဲ ဖြစ်ဖြစ် ပြဿနာတွေနဲ့ ထိတွေ့နေရတာ ဖြစ်ပါတယ်။ ပြဿနာတွေဟာ ပုံစံမျိုးစုံ ၊ လမ်းကြောင်းမျိုးစုံကနေ ရည်ရွယ်ချက်မျိုးစုံနဲ့ လာနေတာ ဖြစ်လို့ ဖြေရှင်းရတဲ့ ပုံစံတွေကလည်း အမျိုးမျိုးအထွေထွေ ခြားနားကွဲပြားနေမှာပါ။ ပြဿနာတွေက မျက်နှာဖုံးမျိုးစုံနဲ့ လာပေမယ့် အဖြေရှာမယ်ဆိုရင် ဒီအဆင့် ၅ ဆင့်နဲ့ ရှာပြီး ရှင်းလို့ ရပါတယ်။
(၁) ဘာဖြစ်တာလဲ

Photo: Freepik
ပြဿနာရဲ့ အခြေအနေ/ပြဿနာရဲ့ အကြောင်းရင်း စတာတွေကို သေသေချာချာသိဖို့က ပထမအဆင့်ပါ။ သင်ဖြေရှင်းမယ့် ပြဿနာအကြောင်း ကောင်းကောင်း သိထားတာ အဖြေရှာဖို့ ပိုလွယ်ကူစေပါတယ်။ ဒီတော့ ပြဿနာကို အသေးစိတ် ဓါတ်ခွဲသိရှိဖို့ အချိန်ပေးပါ။ စာနဲ့ဖြစ်ဖြစ် ချရေးထားပါ။ ပြဿနာအကြောင်း ရှင်းရှင်းပြတ်ပြတ် မြင်နိုင်အောင် ဆွေးနွေးပါ။
(၂) ဘယ်နည်းလမ်းနဲ့ ဖြေရှင်းနိုင်မလဲ

Photo: Freepik
အခုဆိုရင် ပြဿနာအကြောင်း သင်အရှင်းဆုံး မြင်သွားပြီ ဖြစ်ပါတယ်။ ပြောရရင် ပြဿနာရဲ့ အားနည်းချက်ကိုပါ မြင်နေရပါပြီ။ ဒီတော့ ပြဿနာကို ပြေလည်စေမယ့် ဖြစ်နိုင်ခြေရှိတဲ့ အဖြေတွေ ထုတ်ရမှာပါ။ အဖြေကလည်း အမျိုးမျိုးထွက်လာနိုင်ပါတယ်။ တကယ်လို့ အဖွဲ့လိုက် စဉ်းစားမယ်ဆိုရင် အဖြေတွေ ပိုလို့တောင် အများကြီး ထွက်လာနိုင်ပါတယ်။ အရင်ဆုံး ရနိုင်သမျှ အဖြေတွေ ထုတ်နေဖို့ပါပဲ။
(၃) ဘယ်အဖြေကို ရွေးမလဲ

Photo: Freepik
အပေါ်မှာ ဖြစ်နိုင်ခြေ ရှိတဲ့ အဖြေတွေအကြောင်း ပြောခဲ့ပါတယ်။ အခုတော့ အဲ့ဒီအဖြေတွေကို အကောင်အထည်ဖော်လိုက်ရင် ဖြစ်လာမယ့် သက်ရောက်မှုကို အကဲဖြတ် ရွေးချယ်တဲ့ အဆင့်ပါ။ ကိုယ်ရွေးထားတဲ့ အဖြေကို ဘယ်လိုတုန့်ပြန်လာနိုင်သလဲ ။ ဒါက ပိုကောင်းတဲ့ အပြောင်းအလဲတစ်ခု ဖြစ်လာမလား။ ဒီအပြောင်းအလဲက ဘယ်သူ့ပေါ် သက်ရောက်မလဲ စသည်ဖြင့် သုံးသပ်ဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် မမျှော်လင့်ထားတဲ့ အခြေအနေအတွက် နောက်ထပ် အရံဖြေရှင်းချက်တစ်ခုပါ စီစဉ်ထားသင့်ပါတယ်။
(၄) ဖြေရှင်းမှု လုပ်ပါ

Photo: Freepik
ပြဿနာတစ်ခုကို ဖြေရှင်းပြီးတာနဲ့ ဒီဖြေရှင်းချက်အပေါ် တုန့်ပြန်လာမယ့် FeedBack အတွက် ကြိုတင်စီမံထားဖို့ လိုပါတယ်။ အဖြေတစ်ခု ထုတ်ပေးလိုက်တာနဲ့ ပြဿနာပြေလည်သွားပြီလို့ ယတိပြတ်ပြောလို့ မရပါဘူး။ ဒီဖြေရှင်းမှုက တကယ်ပဲ အလုပ်ဖြစ်သွားသလား ။ အားလုံးရဲ့ အသံကိုလည်း တောင်းခံသင့်ပါတယ်။
(၅) ပြန်သုံးသပ် ၊ ပြန်လုပ်ကြည့် ၊ ပိုကောင်းအောင် လုပ်ပါ

Photo: Freepik
အပြောင်းအလဲတစ်ခု လုပ်တယ်ဆိုတာ တစ်ချီသုံးမဟုတ်ပါဘူး။ ဒီအပြောင်းအလဲကြောင့် ဖြစ်လာတဲ့ ရလဒ်တွေကို အချိန်ပေး သုံးသပ်ဖို့ လိုပါတယ်။ အခုလို ဖြေရှင်းမှုကနေ ရလာတဲ့ အဖြေက ကျေနပ်ဖို့ကောင်းသလား ၊ ရေရှည်သက်ရောက်မှုအတွက်ရော ကောင်းမွန်ရဲ့လား ။ လိုအပ်တဲ့နေရာမှာ အပြောင်းအလဲ ထပ်လုပ်ပြီး ဖြေရှင်းမှုကို ပိုတိုးတက်လာဖို့အတွက်လည်း အားထုတ်ရမှာ ဖြစ်ပါတယ်။
