အခုချိန်ဟာ ဒီဂျစ်တယ်စီးပွားရေးအသွင် ပြောင်းဖို့ အကောင်းဆုံး အချိန်ပါပဲ။ လူတွေရဲ့ ဆက်သွယ်လှုပ်ရှားမှု ၊ စီးပွားရေး ၊ ပညာရေးနဲ့ လူမှုရေးရာအားလုံးဟာ အင်တာနက်ပေါ်မှာ ပိုက်ကွန်တစ်ခုသဖွယ် အပြန်အလှန်ချိတ်ဆက်ကူးလူးမှု ရှိနေပါပြီ။ COVID-19 ဖြစ်လာချိန်မှာ ကိုယ့်အိမ်မှာ နေပြီး အလုပ်လုပ်လို့ ရတဲ့ လူတွေအတွက် အလုပ်အကိုင်သေချာရေရာမှု ပိုများတယ်ဆိုတာ အားလုံးပဲ အသိဖြစ်မှာပါ။

နောက်တစ်ချက်က အခုချိန်မှာ သင်သာ ကိုယ်ပိုင်လုပ်ငန်းရှင်တစ်ယောက် ဖြစ်ချင်တယ်ဆိုရင်လည်း အခွင့်အလမ်းတစ်ချို့ ရှိပါတယ်။ တကယ်လို့ သင့်မှာ အခုပြောတဲ့ ပညာရပ်တွေ တတ်ကျွမ်းမှုရှိမယ်ဆိုရင် အွန်လိုင်းပေါ်ကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခု စတင်လို့ ရပြီ ဖြစ်ပါတယ်။

(၁) Programming

Photo: Pexels

သင်ဟာ Java,PHP,HTML,CSS နဲ့ C++ စတဲ့ programming languages တွေမှာ ကျွမ်းကျင်ရင် entrepreneur တစ်ယောက်ဖြစ်ဖို့ အကန့်အသတ်မရှိတဲ့ အခွင့်အရေးတွေ ပိုင်ဆိုင်ထားသူပါ။ ဒီနေ့ခေတ်မှာ Programming ပိုင်း ကျွမ်းကျင်တယ်ဆိုရင် Mobile apps တွေ Website နဲ့ အွန်လိုင်းဆော့ဖ်ဝဲလ်တွေ ရေးဆွဲတဲ့ စီးပွားရေးတွေ လုပ်လို့ ရပါတယ်။ Startup လုပ်ငန်းတွေဟာ ဒီနေ့လို အချိန်အခါမျိုးမှာ အလားအလာအရှိဆုံးနဲ့ အခွင့်အလမ်းတွေ အများဆုံး စီးပွားရေးပုံစံတွေလည်း ဖြစ်ပါတယ်။

(၂) ရုပ်သံထုတ်လုပ်မှုစွမ်းရည်

Photo: Freepik

Video Editing နည်းပညာ ၊ Animation နဲ့ ဂရပ်ဖစ်ဒီဇိုင်း ပညာရပ်တွေဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေလည်း ဖြစ်ပါတယ်။ အကြောင်းကတော့ စီးပွားရေးတိုင်းဟာ သူတို့ရဲ့ ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဈေးကွက်တင်ဖို့ လိုအပ်နေတာ ဖြစ်ပြီး Video တွေ သုံးပြီး ထုတ်ကုန်/ဝန်ဆောင်မှုတွေကို ဈေးကွက်မှာ ပေါက်ဖို့ အကောင်းဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတွေ ဖန်တီးနိုင်လို့ ဖြစ်ပါတယ်။

(၃) Digital Marketing

Photo: Freepik

အွန်လိုင်းစီးပွားရေးမှာ ဒီဂျစ်တယ်‌ရောင်းအားမြှင့်တင်ခြင်းအပိုင်းဟာ အဓိကကျတဲ့ အပိုင်းတစ်ခု ဖြစ်ပါတယ်။ Digital Marketing ကဏ္ဍမှာ ထုတ်ကုန်တွေ လူသိများအောင် ကြေငြာခြင်း ၊ ကုန်အမှတ်တံဆိပ် တည်ဆောက်/လူသိများစေခြင်း နဲ့ ထိရောက်ပြီး ပရိတ်သတ်အာရုံဖမ်းစားနိုင်တဲ့ ကြော်ငြာအိုင်ဒီယာ ထုတ်ပေးခြင်းများ အပါအဝင် ဈေးကွက်အနေအထား ၊ ဖောက်သည်တွေရဲ့ တုန့်ပြန်မှုပုံစံနဲ့ ဈေးကွက်ထဲ ထိုးဖောက်မှုစီးကြောင်းတွေကို ကျွမ်းကျင်ဖို့ လိုပါတယ်။ ဒီအတတ်ပညာဟာ ဒီဂျစ်တယ်လူမှုဘဝအတွက်ပါ အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းလည်း မြင့်မားပါတယ်။

(၄) ဖန်တီးမှု

Photo: Unsplash

ဖန်တီးမှုကို Skill တစ်ခုအဖြစ် ပြောမယ်ဆိုရင် Soft Skill လို့ ဆိုရမှာပါ။ ဖန်တီးဉာဏ်စွမ်းတစ်ခုဟာ မယုံနိုင်စရာ ရလဒ်တွေကို ဖန်တီးနိုင်အောင်အထိ မြင့်ပါတယ်။ သင့်မှာ နည်းပညာအရည်အချင်း မရှိဘူးဆိုရင်လည်း သင့်အိုင်ဒီယာက သင့်ကို အမြင့်ရောက်အောင် မြှင့်ပေးနိုင်ပါတယ်။ Alibaba တည်ထောင်သူ ဂျက်မားဟာ အိုင်ဒီယာကောင်းတစ်ခုပဲ ရှိတဲ့ ကျောင်းဆရာဟောင်းတစ်ယောက်ပါ။ ဒါပေမယ့် သူ့ခေါင်းထဲက အိုင်ဒီယာနဲ့ သူ့ရဲ့ ထူးခြားလှတဲ့ Soft Skills တွေက သူ့ကို တရုတ်ပြည်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်စေခဲ့ပါတယ်။အွန်လိုင်းစီးပွားရေးတစ်ခု လုပ်တယ်ဆိုတာ ငွေအများကြီးမလိုပါဘူး။ Talent နည်းနည်း ၊ အိုင်ဒီယာ များများ နဲ့ သင့်ခွန်အား(အားသာချက်) ကို နေရာမှန်အောင် ထားတတ်ဖို့ပဲ လိုပါတယ်။