COVID – 19 ကာလမှာ အိမ်တွင်းအောင်းရတဲ့ရက်တွေများလာတာနဲ့ အမျှ စိတ်တွေလည်းမွန်းကျပ်ငြီးငွေ့နေကြမယ်ဆိုတာသေချာပါတယ်။ ဒါပေမယ့်လည်း ကိုယ်တစ်ဦးတစ်ယောက်တည်းဒီလိုခံစားနေရတာမဟုတ်သလို အိမ်မှာနေခြင်းက မိမိကိုယ့်ကိုရော ပတ်ဝန်းကျင်ကိုပါ ကာကွယ်ရာရောက်တာကြောင့် မဖြစ်မနေ အိမ်တွင်းအောင်ကြရအုန်းမှာပါ။ အိမ်မှာအနေကြာလို့ စိတ်တွေမွန်းကျပ်နေတယ်ဆိုရင် အခုပြောပြမယ့်နည်းလမ်းလေးတွေလုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) မိသားစုကိုအချိန်ပိုပေးပါ

Source : Shutterstock

အိမ်တွင်းအောင်းရပေမယ့် အကောင်းဘက်ကပြန်ကြည့်ရင် အခုအချိန်ဟာ မိသားစုကိုကောင်းကောင်းအချိန်ပေးလို့ ရတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ မိသားစုနဲ့ အတူ ဟင်းအသစ်အဆန်းလေးတွေချက်စားမယ် အိမ်ရှင်းကြမယ် ဖုန်းတွေမရှိခင် ဟိုးအရင်အချိန်ကလို စကားတွေဝိုင်းဖွဲ့ပြောကြမယ် စသဖြင့် မိသားစုနဲ့ အချိန်ဖြုန်းမယ်ဆိုရင် မွန်းကျပ်တဲ့စိတ်တွေလည်း အတော်အသင့်သက်သာစေမှာပါ။

(၂) စိတ်တည်ငြိမ်စေမယ့်အရာတွေလုပ်မယ်

Source : Shutterstock

စိတ်ရဲ့ မွန်းကျပ်မှုတွေကို စိတ်တည်ငြိမ်စေမယ့် အလေ့အထတွေနဲ့ ကုစားလို့ရနိုင်ပါတယ်။ တရားထိုင်ခြင်း ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်း ပန်းပင်လေးတွေစိုက်ပြီး နေ့စဉ်ရေလောင်းပေါင်းသင်ခြင်း စတဲ့အရာတွေက သင့်ရဲ့ စိတ်ကိုတည်ငြိမ်စေပြီး အေးချမ်းတဲ့စိတ်အခြေအနေကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ အချိန်လည်းအများကြီးပေးစရာမလိုပဲ စိတ်တည်ငြိမ်အေးချမ်းစေမှာဖြစ်တာကြောင့် ဒီလိုအရာလေးတွေကို လုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၃) မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ

Source : Shutterstock

အိမ်မှာနေရပေမယ့် ကိုယ်ချစ်ခင်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်မပြတ်နေလို့ရပါတယ်။ နည်းပညာတိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ဘယ်လောက်ပဲဝေးနေပါစေ လူချင်းတွေ့လို့ရတဲ့ Video Call တွေ အွန်လိုင်းပေါ်က ဆက်သွယ်တာတွေလုပ်လို့ရပါတယ်။ သူငယ်ချင်းတွေနဲ့ အရင်လိုလူချင်းမဆုံနိုင်ပေမယ့် အွန်လိုင်းပေါ်က အဆက်အသွယ်မပြတ်ရှိနေရင် တစ်ယောက်တည်းမွန်ကျပ်တဲ့စိတ်တွေလျော့သွားမှာပါ။

(၄) စာအုပ်ဖတ်ပါ

Source : Shutterstock

စာဖတ်ခြင်းအလေ့အထက ကောင်းမွန်တဲ့ အသိပညာဉာဏ်ပွင့်လန်းမှုတွေကိုရစေပြီး စိတ်တည်ငြိမ်အေးချမ်းခြင်းတွေကိုပေးစွမ်းပါတယ်။ အခုလိုအိမ်မှာနေတဲ့အချိန်မှာ ကိုယ့်ရဲ့တစ်နေ့တာဖြတ်သန်းမှုအချိန်တွေထဲမှာ စာဖတ်တဲ့အချိန်ကို မဖြစ်မနေထည့်ထားသင့်ပါတယ်။ ဖုန်းတွေ ကွန်ပြူတာတွေသုံးတာလည်းသုံး။ စာအုပ်လေးလည်းဖတ်မယ်ဆိုရင်ဗဟုသုတတိုးစေသလို အပျင်းပြေပြီး စိတ်မွန်းကျပ်ခြင်းတွေ ဝေးစေမှာပါ။

(၅) ဝါသနာနဲ့စိတ်အားထက်သန်တဲ့အရာလေးတွေလုပ်ပါ

Source : Shutterstock

ကိုယ်ကဘာဝါသနာပါလဲ။ ဖိုတိုရှော့သုံးပြီး ဒီဇိုင်းလေးတွေဆွဲရတာလား ကင်မရာလေးတစ်လုံးနဲ့ ဓာတ်ပုံရိုက်ရတာလား သီချင်းနားထောင်ကြိုက်လား ဗီဒီယိုလေးတွေ Editing လုပ်ရတာလား စာရေးတာဝါသနာပါလား ဘာသာစကားလေ့လာရတာကြိုက်လား စသည်ဖြင့် ကိုယ်စိတ်အားထက်သန်မှုရှိတဲ့ ဝါသနာလေးတွေကိုလုပ်ဆောင်ကြည့်ပါ။ ဝါသနာနဲ့စိတ်အားထက်သန်တဲ့အရာလေးတွေလုပ်ဆောင်နေရတဲ့အချိန်က စိတ်မွန်းကျပ်မှုတွေကင်းပြီး ပျော်ရွှင်ရစေပါတယ်။