အဝတ်အစားဆိုတာ သူ့နေရာနဲ့သူ လိုက်ဖက်မှန်ကန်အောင် ဝတ်ဖို့ လိုပါတယ်။ ဒီထဲမှာ Gym သွားချိန် ဝတ်စားဆင်ယင်မှုလည်း ပါပါတယ်။ Gym ဆိုတာ လူတန်းစားပေါင်းစုံ စုဝေးရောက်ရှိလာတဲ့ Social Hub တစ်ခုပါ။ Gym လာကစားသူထဲမှာ ပညာရှင်တွေ ၊ စီးပွားရေး လုပ်ငန်းရှင်နဲ့ နယ်ပယ်အသီးသီးမှာ ဦးစီးဦးဆောင်ပြုနေသူတွေတောင် ပါနိုင်ပါတယ်။
Gym မှာ ဝတ်တဲ့ ဖက်ရှင်ဟာ သင့်အတွက် အားကစားလုပ်ရာမှာ ပိုပြီး အထောက်အကူဖြစ်စေဖို့ လိုသလို အတူကစားနေကြတဲ့ အဖော်တွေကြားမှာပါ ပုံရိပ်ကောင်းရစေတဲ့ ဖက်ရှင် ဖြစ်ဖို့ လိုပါတယ်။ ဒီတော့ Gym ရုံသွားချိန်မှာ မဝတ်သင့်တဲ့ ဖက်ရှင်တွေအကြောင်း သိထားမယ်ဆိုရင် ပိုပြီး စမတ်ကျတဲ့ ဖက်ရှင်တွေ ဝတ်ဆင်ဖြစ်ပြီး သင့်အပေါ် လူတွေရဲ့ အထင်အမြင်ကောင်းတွေပါ ရရှိဖို့ အထောက်အပံ့ ဖြစ်လာနိုင်ပါတယ်။
(၁) ဖြစ်သလို မဝတ်လာပါနဲ့

Photo: Unsplash
Gym သွားမှာပဲဆိုပြီး အိမ်နေရင်းဝတ်တဲ့ တီရှပ်အနွမ်းလေးနဲ့ မလာပါနဲ့။ အားကစားလုပ်လို့ ချွေးထွက်လာချိန်မှာ လူကို အေးပြီး သက်တောင့်သက်သာ ရှိစေမယ့် ချွေးစုပ်နိုင်တဲ့ အဝတ်အစားမျိုး ဝတ်ပါ။ Workout အတွက် သီးသန့်ထုတ်ထားတဲ့ အားကစားဝတ်စုံ ဝတ်တာ အကောင်းဆုံးပါပဲ။ Workout Clothes တွေဟာ ခန္ဓာကိုယ်က ချွေးတွေကို စုပ်ယူနိုင်ဖို့ ပိုလီအီစတာနဲ့ လိုက်ခရာချည်တွေနဲ့ ထုတ်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က Gym ဝတ်စုံတွေဟာ ဝတ်ဆင်သူကို သက်တောင့်သက်သာ ရှိစေတဲ့အပြင် ဖက်ရှင်အရလည်း Sporty ဖြစ်ပြီး တက်ကြွတဲ့ခံစားချက်ကို ပေးနိုင်ပါတယ်။
(၂) ဆိုဒ်ကြီးကြီးတွေ မဝတ်ပါနဲ့

Photo: Pexels
Gym ကစားချိန်မှာ ကိုယ်နဲ့ မတော်တဲ့ ပွယောင်းယောင်း အင်္ကျီတွေ ဝတ်လာမယ်ဆိုရင် အားကစားလုပ်ရာမှာ လှုပ်လို့ရှားလို့ မကောင်း ဖြစ်ပြီး လူကိုလည်း ရှိရင်းစွဲထက် သေးသွားတယ်လို့ ခံစားရစေမှာ ဖြစ်ပါတယ်။ သင်က M size နဲ့ တော်တဲ့သူဆို XL မဝတ်ပါနဲ့ ။ ကိုယ်နဲ့ Fit အဖြစ်ဆုံး အင်္ကျီဟာ လူရဲ့ ကိုယ်လုံးကိုယ်ပေါက် အချိုးအစား ပိုကျနလာဖို့ပါ အထောက်အကူပြုနိုင်ပါတယ်။
(၃) ရေမွှေးမဆွတ်ပါနဲ့

Photo: baldingbeards
သင်က Gym ရုံရောက်နေတာပါ။ အားကစားလုပ်ဖို့ ဖြစ်ပါတယ်။ NightClub သွားပြီး ကဲနေတာ မဟုတ်ပါဘူး။ ဒီအချက်ကို မမေ့ပါနဲ့။ သင်သုံးတဲ့ ရေမွှေးဟာ Gym လို အနံ့လုံ အခန်းထဲမှာ တစ်ခြားသူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်သွားနိုင်ပါတယ်။ သင့်ရဲ့ Workout Clothes တွေကို နေ့တိုင်း လျှော်ဖွပ်ပေးရင်ကိုပဲ Gym ကစားချိန် အနံ့အသက် ကောင်းမွန်ဖို့ လုံလောက်ပါတယ်။
(၄) ခြေညှပ်ဖိနပ် မစီးပါနဲ့

Photo: Unsplash
ဒီအချက်ကတော့ အတော်များများ သိပြီး ဖြစ်မှာပါ။ Gym ကစားချိန်မှာ သင့်အားကစားလုပ်ဆောင်မှုကို အကူအညီဖြစ်ဖို့နဲ့ သင့်ခြေထောက်ကို ကာကွယ်ဖို့ အားကစားဖိနပ်ကောင်းတစ်ရံ စီးဖို့ လိုပါတယ်။ အားကစားဖိနပ်တွေဟာ နာမည်အတိုင်း အားကစားလုပ်ချိန်အတွက် အထူးထုတ်ထားတာ ဖြစ်ပါတယ်။ ခြေညှပ်ဖိနပ်ကိုတော့ Gym အပြင်မှာပဲ စီးသင့်ပါတယ်။
(၅) လက်ဝတ်လက်စားတွေ ထားခဲ့ပါ

Photo: Ties
သင့်ပိုင်တဲ့ ကျောက်မျက်ရတနာနဲ့ ရွှေငွေတွေက Gym မှာ မလိုအပ်ပါဘူး။ စိတ်လည်း မချရပါဘူး။ ရွှေဆွဲကြိုးတွေ ၊ နာရီ ၊ ဟန်းချိန်းနဲ့ လက်စွပ်တွေ ဝတ်ဆင်ပြီး Gym ကစားတာဟာ သင့်ပိုင် ပစ္စည်းတွေအတွက်လည်း မကောင်းသလို အားကစားလုပ်ရင်လည်း ပြဿနာရှိနိုင်ပါတယ်။ လက်စွပ်တို့ နာရီတို့လို ရတနာပစ္စည်းတွေ ဝတ်ပြီး ဝိတ်မမယ်ဆိုရင် အစင်းထင်ပြီး ပုံပျက်သွားနိုင်သလို သင့်လက်ချောင်းတွေပါ ထိခိုက်နာကျင်စေနိုင်ပါတယ်။ အကောင်းဆုံးက Gym လာရင် ရတနာပစ္စည်းတွေကို အိမ်မှာ ထားခဲ့သင့်ပါတယ်။
