ဒိုက်ထိုးလေ့ကျင့်ခန်းဆိုတာ အမျိုးသားတိုင်းနဲ့ မစိမ်းတဲ့ အားကစားနည်းတစ်ခုဖြစ်ပါတယ်။ဒိုက်ထိုးလေ့ကျင့်ခန်းဟာ အချိန်နေရာမရွေးပြုလုပ်လို့ရနိုင်ပြီး စက်ပစ္စည်းကိရိယာတွေမလိုတဲ့ အရိုးရှင်းဆုံးအထိရောက်ဆုံးလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ နေ့စဉ်ပုံမှန်ဒိုက်ထိုးခြင်းကနေ ရရှိလာနိုင်မယ့်အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

(၁) ခန္ဓာကိုယ်အပေါ်ပိုင်းတောင့်တင်းသန်မာလာမယ်

Source : Shutterstock

ဒိုက်ထိုးလေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်ခါးအပေါ်ပိုင်းတစ်ခုလုံးကိုအလုပ်လုပ်စေတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ရင်ဘက် လက်မောင်းရှေ့နောက် ပခုံးစတဲ့နေရာတွေက ကြွက်သားတွေအပေါ်သက်ရောက်မှုရှိစေတာကြောင့် ခန္ဓာကိုယ်အပေါ်ပိုင်းမှာရှိတဲ့ကြွက်သားတွေကို ထိရောက်မှုရှိစေပြီး တောင့်တင်းကြံ့ခိုင်တဲ့ခန္ဓာကိုယ်ကိုရရှိစေမှာဖြစ်ပါတယ်။

(၂) ကိုယ်နေဟန်အထားတိုးတက်စေတယ်

Source : Shutterstock

ယနေ့ခေတ်မှာ မှားယွင်းတဲ့လူနေမှုပုံစံတွေ ကွန်ပြူတာစားပွဲမှာအထိုင်များခြင်းတွေကြောင့် လက်ပြင်ကုန်းတာ ခါးကိုင်းတာစသည်ဖြင့် ခန္ဓာကိုယ် ကိုယ်နေဟန်ထားမမှန်ခြင်းတွေဖြစ်ပေါ်နေကြပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ ပခုံးနဲ့ နောက်ကျောဘက်ကြွက်သားတွေအပေါ် သက်ရောက်မှုရှိစေတာကြောင့် ကိုယ်နေဟန်ထားမှားယွင်းနေမှုကို တဖြည်းဖြည်းပြုပြင်ပြောင်းလဲပေးပါတယ်။ ဒါကြောင့် နေ့စဉ်ပုံမှန်ဒိုက်ထိုးမယ်ဆိုရင် ကိုယ်နေဟန်အထားကို တိုးတက်စေမှာသေချာပါတယ်။

(၃) သက်လုံကောင်းစေတယ်

Source : Shutterstock

ဒိုက်ထိုးလေ့ကျင့်ခန်းကို နေ့စဉ်ပုံမှန်ပြုလုပ်မယ်ဆိုရင် ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုပိုမိုကောင်းစေပြီး အရင်ကထက်ပိုမိုအမောခံနိုင်မှာဖြစ်သလို သက်လုံလည်းကောင်းစေမှာဖြစ်ပါတယ်။ ဒိုက်ထိုးလေ့ကျင့်ခန်းဟာ နှလုံးကိုအောက်ဆီဂျင်များများရစေတာကြောင့် နှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်။ နေ့တိုင်းသာဒိုက်ထိုးပေးမယ်ဆိုရင် လှေကားနည်းနည်းတက်တာနဲ့ မောလာတာမျိုး လမ်းနည်းနည်းလျောက်တာနဲ့မောလာတာမျိုးတွေမရှိတော့ပဲ ကျန်းမာရေးပိုကောင်းလာမှာဖြစ်ပါတယ်။

(၄) အဆီပိုတွေလောင်ကျွမ်းစေတယ်

Source : Shutterstock

ဝိတ်ချဖို့စဉ်းစားနေတယ်ဆိုရင်တော့ နေ့စဉ်ဒိုက်ထိုးလေ့ကျင့်ခန်းကိုပြုလုပ်ဖို့အကြံပြုချင်ပါတယ်။ ခန္ဓာကိုယ်ကြွက်သားတွေကို သန်မာလာစေရုံသာမက ခန္ဓာကိုယ်က အဆီပိုတွေကိုလည်းများများလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လက်မောင်း ကျောကုန်း ခါးနဲ့ ဝမ်းဗိုက်တဝိုက်မှာရှိတဲ့ အဆီပိုတွေကိုကောင်းစွာလောင်းကျွမ်းစေမှာဖြစ်တာကြောင့် ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ဝိတ်ကျချင်သူတွေအနေနဲ့ ဒိုက်ထိုးလေ့ကျင့်ခန်းကိုမဖြစ်မနေလုပ်ဆောင်ပေးသင့်ပါတယ်။