လူတစ်ယောက်ရဲ့ ကိုယ်အလေးချိန် ၊ စံအရပ်အမြင့် နဲ့ ကိုယ်အဆီအထူ စတဲ့အချက်အလက်တွေကို တိုင်းတာတဲ့ ပညာကို Antropometry (မနုဿအချိုးအစားဗေဒ) လို့ ခေါ်ပါတယ်။ Anthropo ဟာ ဂရိဘာသာက လာပြီး လူလို့ အဓိပ္ပါယ်ရပါတယ်။ Metry ကတော့ တိုင်းတာခြင်း ဖြစ်ပါတယ်။

Anthropometry ဟာ ရှေးကတည်းက ပေါ်ပေါက်ခဲ့တဲ့ ဘာသာရပ်တစ်ခု ဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်ကိုယ်ကို စိတ်အဝင်စားဆုံး ဖြစ်လို့ လူ့ပုံပန်းအချိုးအစားကို လေ့လာတဲ့ ပညာရပ် ထွန်းကားတာလည်း မဆန်းဘူးလို့ ဆိုရမှာပါ။ ထူးခြားတာက ဒီဇိုင်းရေးဆွဲသူတွေဟာ အဆောက်အဦ ၊ ထုတ်ကုန်နဲ့ ပရိဘောဂတွေကို ဖန်တီးရာမှာ Anthropometric Data တွေ အသုံးပြုကြတာ ဖြစ်ပါတယ်။

Photo: Quora

တကယ်တော့ လူတွေဟာ သူတို့ နေထိုင်ရာ အရပ်ဒေသ ၊ မျိုးရိုးဗီဇ နဲ့ ဖွံ့ဖြိုးမှုပုံစံ ၊ အစားအသောက်နဲ့ ရာသီဥတုပေါ် လိုက်ပြီး ကွာခြားကြပါတယ်။ အထူးသဖြင့် အရပ်အမောင်းနဲ့ အသားအရောင်မှာ သိသာပါတယ်။ ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စင်တာ CDC ရဲ့ အဆိုအရ အမေရိကန် အမျိုးသားတစ်ယောက်ရဲ့ ပျမ်းမျှ အရပ်အမောင်းဟာ ၆၅.၁ လက်မ (၅ ပေ၉ လက်မ) ရှိတယ်လို့ ဆိုပါတယ်။

အသက် ၂၀ အရွယ်ရောက်ပြီးသူတွေရဲ့ ၁၉၉၉ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ကောက်ခံရရှိတဲ့ အချက်အလက်တွေကို အခြေခံပြီး တွက်ချက်တာပါ။ ၂၀၁၆ ခုနှစ်က လေ့လာမှုတစ်ခုအရ အီရန်နိုင်ငံသားတစ်ယောက်ရဲ့ ပျမ်းမျှအရပ်အမောင်းဟာ ၆.၇ လက်မ (၁၇ စင်တီမီတာ) အထိ တိုးပြီး ရာစုနှစ်တစ်ခုအတွင်း အရပ်အမောင်းအကြီးဆုံး ပြောင်းလဲတဲ့ နိုင်ငံသားဖြစ်တယ်လို့ ဆိုပါတယ်။

သိတဲ့အတိုင်း နိုင်ငံတကာမှာတော့ လူတစ်ယောက်ရဲ့ ပျမ်းမျှအရပ်အမောင်းက အမေရိကန်နိုင်ငံနဲ့ မတူပါဘူး။ NCD Rick Factor Collaboration ကနေ ထုတ်ပြန်တဲ့ နိုင်ငံ ၁၅ နိုင်ငံမှာ ရှိတဲ့ အမျိုးသားတို့ရဲ့ ပျမ်းမျှ အရပ်အမောင်းစာရင်းမှာ နယ်သာလန်နိုင်ငံသားတွေဟာ ၅ပေ ၁၁.၉ လက်မ (၁၈၂.၅ စင်တီမီတာ) နဲ့ အမြင့်ဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

Photo: medicalnewstoday

မြန်မာနဲ့ နီးစပ်တဲ့ အာဆီယံနိုင်ငံတစ်ခု ဖြစ်တဲ့ ဖိလစ်ပိုင်အမျိုးသားတွေရဲ့ ပျမ်းမျှအရပ်ကတော့ ၅ ပေ ၄.၂၅ လက်မပဲ ရှိပါတယ်။ ဒီအချက်အလက်ဟာ ၁၉၁၈ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း လူဦးရေ သိန်းဂဏန်းပေါ်ကို ခွဲခြားလေ့လာတဲ့ လေ့လာမှုတွေကို အခြေပြုတွက်ချက်တာပါ။ သက်ရှိထင်ရှား အရပ်အရှည်ဆုံးအမျိုးသားဟာ ၈ ပေ ၂.၈ လက်မ ရှိပြီး အပုဆုံး အမျိုးသားကတော့ ၂ ပေ ၂.၄၁ လက်မပဲ ရှိပါတယ်။

သင့်အနေနဲ့ အရပ် ၅ ပေ ၄ လက်မလောက်ဆိုရင် ပုတယ်လို့ ဆိုနိုင်ပေမယ့် ၅ ပေ ၉ လက်မဆိုရင်တော့ ဒေါင်ကောင်းတဲ့ ယောင်္ကျားစာရင်းဝင်နိုင်တယ်လို့ အကြမ်းဖျဉ်းပြောရမှာပါ။