ရာသီဥတုက အတော်ကြီးကို ပူလို့ ကိုယ်ပေါ်မှာ အဝတ်တောင် မတင်ချင်အောင် ဖြစ်နေကြမှာပါ။ ဒါပေမယ့်လည်း နေပူထဲ ထွက်မယ်ဆိုရင် လက်တိုဝတ်ပြီး သွားတာထက် အပေါ်ထပ် ဂျာကင်အပါးလေး ဝတ်သွားတာက အသားအရေအတွက်ရော ကျန်းမာရေးအရပါ မှန်ကန်တဲ့ အလေ့အထကောင်း ဖြစ်ပါတယ်။
Summer Jacket တွေဟာ ချပ်ချပ်ရပ်ရပ် ပေါ့ပေါ့ပါးပါး ရှိပြီး ဝတ်လို့လည်း အေးပါတယ်။ နွေရာသီမှာ ဂျာကင်ဝတ်မယ်ဆိုရင် ကျန်းမာရေးအရအပြင် ဖက်ရှင်မိပြီး စတိုင်ကျဖို့ပါ စဉ်းစားရမှာပါ။ Summer Jacket ကို ဖက်ရှင်ကျကျ ဝတ်ဖို့ဆိုရင် အခုပြောတဲ့ Outfit အိုင်ဒီယာလေးတွေက အသုံးဝင်မှာ ဖြစ်ပါတယ်။
(၁) Summer Jacket နဲ့ Jeans
Photo: mensxp
လူငယ်ဆန်ဆန် ဝတ်ချင်တယ်ဆိုရင် တီရှပ်အဖြူ နဲ့ ဂျာကင်အနက်ပါး တစ်ထည်တွဲဝတ်နိုင်ပါတယ်။ ဂျင်းဘောင်းဘီနဲ့ ဂျာကင်အပါးဟာ မရိုးတဲ့ဖက်ရှင် ဖြစ်ပါတယ်။ ပိုပြီး လွတ်လပ်ပေါ့ပါးအောင် Sneaker ဒါမှမဟုတ် Loafer စီးသင့်ပါတယ်။
(၂) Summer Jacket နဲ့ Shorts
Photo: mensxp
ဘောင်းဘီတိုတွေကတော့ နွေရာသီမှာ ပင်တိုင်အဝတ်အစားလို့ ဆိုနိုင်ပါတယ်။ ဘောင်းဘီတိုနဲ့ ဂျာကင်တွဲဝတ်တာလည်း အမြင်ဆန်းပါတယ်။ Casual ဆန်ဆန် ညနေခင်းအပြင်ထွက်တာမျိုးမှာ ဘောင်းဘီတိုနဲ့ အရောင်လွင်လွင် တီရှပ်ကိုမှ အပေါ်မှာ ဂျာကင်တစ်ထည် ထပ်ဝတ်လိုက်ရင် အဆင်ပြေပါတယ်။
(၃) Summer Jacket နဲ့ Joggers
Photo: closetfulofclothes
လွတ်လွတ်လပ်လပ် သက်တောင့်သက်သာ ရှိဖို့က နွေရာသီလိုပူတဲ့ရာသီမျိုးမှာ အရေးကြီးဆုံးအရာပါ။ Joggers တွေဟာ အားကစားဖက်ရှင်ဆန်ပြီး ပေါ့ပါးတာကြောင့် နွေရာသီနဲ့ အလိုက်ဖက်ဆုံးလို့ ဆိုနိုင်ပါတယ်။ Jogger ဘောင်းဘီတွေဝတ်ထားချိန်မှာ အပေါ်က ဂျာကင်ဝတ်ဖို့ မကြောက်ပါနဲ့ ။ ချက်ချင်းဆိုသလို အံ့အားသင့်ရအောင် ပုံစံပြောင်းသွားမှာပါ။
(၄) Summer Jacket နဲ့ Cropped Trousers
Photo: mensxp
နွေရာသီမှာ ဂျာကင်အပါးတစ်ထည်ရယ် ၊ ချည်သားဘောင်းဘီနဲ့ တီရှပ်ကောင်းကောင်းတစ်ထည်ရှိရင် ကဲလို့ ရပါတယ်။ နည်းနည်း ပိုထင်ပေါ်ချင်ရင် အစင်းစင်းပါတဲ့ ဂျာကင်နဲ့ အရောင်ပြေးပါတာမျိုး ဝတ်လို့ ရပါတယ်။ ရိုးရိုးပဲ ဆိုရင်လည်း ပေါ့ပါးပြီး Solid Color ဖြစ်တဲ့ ဂျာကင်ကို စဉ်းစားနိုင်ပါတယ်။ ဒါဆိုရင်တော့ နွေရာသီမှာ ဂျာကင်ပါးနဲ့ စတိုင်ထွားနိုင်ပြီ ဖြစ်ပါတယ်။