ဒီနေ့တော့ kwee page ကလူတွေယုံကြည်နေကြသေးတဲ့ ဇီဝဗေဒဆိုင်ရာ ယုံတမ်းစကားများ အကြောင်း ဆွေးနွေးသွားမှာပါ။

ကြောင်နဲ့ခွေးတွေဟာ အရောင်တွေကို မြင်နိုင်စွမ်းမရှိကြဘူး

ကြောင်နဲ့ခွေးတွေဟာ အရောင်တွေကို မြင်နိုင်စွမ်းမရှိကြဘူးဆိုတဲ့ စကားဟာလည်း အမှားကြီးပါ။ တကယ်တော့ ကြောင်တွေဟာ အနီရောင်ကို မြင်နိုင်ကြတယ်။ ဒါပေမယ့် လူတွေ လောက်တော့ ထင်ထင်ရှားရှားမြင်နိုင်စွမ်းမရှိကြပါဘူး။ ခွေးတွေလည်း ဒီလိုပါပဲ။ ခွေးတွေက အဝါရောင်၊ အပြာရောင်နဲ့ မီးခိုရောင်တွေကို မြင်နိုင်စွမ်းရှိကြတယ်။

ငှက်ကုလားအုပ်တွေက သူတို့ရဲ့ခေါင်းကိုသဲထဲထိုးစိုက်ပြီး ပုန်းကြလေ့ရှိတယ်

ငှက်ကုလားအုပ်တွေက သူတို့ရဲ့ခေါင်းကိုသဲထဲထိုးစိုက်ပြီး ပုန်းကြလေ့ရှိတယ် ဆိုတဲ့ယုံတမ်းစကားကမမှန်ပါဘူး။ အန္တရာယ်နဲ့ကြုံလာတဲ့အခါမှာ ငှက်ကုလားအုပ်တွေက ထွက်ပြေးလေ့ရှိကြပြီး မပြေးနိုင်ပါကလည်း မြေကြီးပေါ်လဲလျောင်းပြီး ငြိမ်ငြိမ်လေးနေကြလေ့ရှိပါတယ်။ သူတို့သဲထဲခေါင်းစိုက်တဲ့အချိန်က ဥ ဥဖို့ အသိုက်လုပ်တဲ့အချိန်ရယ် အစာခြေတာကို အထောက်အကူဖြစ်စေဖို့ ကျောက်စရစ်ခဲတွေ မျိုချတဲ့အချိန်တွေမှာ လုပ်လေ့ရှိပါတယ်။

ကုလားအုတ်တွေရဲ့ ကျောကုန်းပေါ်က ဘို့တွေထဲမှာ ရေတွေကို သိုလှောင်ထားကြတယ်

ကုလားအုတ်တွေက ရေမသောက်ဘဲ ရက်ပေါင်းများစွာ ရှင်သန်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် လူတွေထင်ထားသလို ကျောကုန်းပေါ်က ဘို့တွေထဲမှာ ရေတွေကို သိုလှောင်ထားကြတာတော့မဟုတ်ပါဘူး။ တကယ်တော့ အဆီတစ်ရှူးတွေကို သိုလှောင်ထားတာပါ။ ဒီဘို့ထဲက အဆီတစ်ရှူးတွေဟာ ကုလားအုတ်တွေကို အစာရေစာ ရှားပါးတဲ့အချိန်မှာ စွမ်းအင်တွေ ပေးကြတယ်။ တကယ်တော့ ကုလားအုတ်တွေရဲ့ ကျောက်ကပ်နဲ့အူတွေက ရေကိုထိန်းသိမ်းနိုင်စွမ်းရှိကြတာပါ။

ရွှေငါးတွေက ဘာကိုမှ အချိန်အကြာကြီး မမှတ်မိနိုင်ကြဘူး

လူတွေက ရွှေငါးတွေဟာ တစ်စုံတစ်ခု ကို (၃) စက္ကန့်ပဲ မှတ်မိနိုင်စွမ်းရှိတယ်လို့ထင်နေကြတယ်။ လေ့လာမှုတွေအရ လေ့ကျင့်ပေးထားတဲ့ ရွှေငါးတွေဟာ အသံတွေကို လပေါင်းများစွာ မှတ်မိနိုင်စွမ်းရှိကြောင်း တွေ့ရှိထားကြပါတယ်။ တကယ်တော့ ရွှေငါးတွေဟာ အချိန် (၃) လကြာအောင် မှတ်မိနိုင်စွမ်းရှိကြပြီး အချိန်တွေကိုတောင် ပြောပြနိုင်စွမ်းရှိကြတယ်။

လူတွေက ချင်ပန်ဇီမျောက်တွေကနေ ဆင်းသက်လာတယ်

လူတွေက ချင်ပန်ဇီမျောက်တွေကနေ ဆင်းသက်လာတယ် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် ယုံတမ်းစကားဟာ မှားပါတယ်။ နာမည်ကျော် သိပ္ပံပညာရှင် Darwin ဟာဘယ်တုန်းကမှာ လူတွေကမျောက်တွေကနေ ဆင်းသက်လာတာလို့ မပြောခဲ့ပါဘူး။ လူနဲ့မျောက်တွေ ဆင်တူတဲ့ အချက်တွေရှိနေတာကြောင့် ကျွန်တော်တို့တွေက ဒီလိုထင်ကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ရဲ့ ဘိုးဘွားစဉ်ဆက်ဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှိနှင့်နေပြီးသားပါ။

Source: Bright Side