ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ လာမယ့်ဇွန်လမှာ ပြန်လည်စတင်ကစားနိုင်ဖို့အတွက် မီးစိမ်းပြသခြင်းခံခဲ့ရတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ယူအေအစိုးရဟာ လော့ဒေါင်းစည်းကမ်းတွေကို အဆင့် ၅ ဆင့်နဲ့ ဘယ်လို ဖြေလျော့သွားမလဲဆိုတာကို အသေးစိတ်ရှင်းလင်းထားတဲ့ စာမျက်နှာ ၅၀ ပါ အစီအစဉ်ကို တနင်္လာနေ့ညနေမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
Photo: straitstimes
အစိုးရရဲ့ လမ်းညွှန်မြေပုံရဲ့ အဆင့် ၂ မှာ ထုံးတမ်းစဉ်လာနဲ့ အားကစားပြိုင်ပွဲတွေဟာ ကြီးမားတဲ့လူစုလူဝေးထိတွေ့မှုကို ရှောင်ရှားဖို့ ရုပ်သံထုတ်လွှင့်မှုအတွက် တံခါးပိတ်ကျင်းပသွားရမှာဖြစ်ပြီး ယင်းအချက်ကို ဇွန်လ ၁ ရက်နေ့ကနေစပြီး ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်လို့ ဖော်ပြခဲ့ပါတယ်”
ဒါပေမယ့်လည်း လမ်းညွှန်မြေပုံ အဆင့် ၂ အစီအစဉ်ကို ရောက်ရှိဖို့နဲ့ လော့ဒေါင်းစည်းကမ်းတွေကို ဖြေလျော့ဖို့ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုက လက်ခံနိုင်လောက်တဲ့အဆင့်အထိ လျော့ကျသွားမလား၊ မလျော့ကျဘူးလားဆိုတဲ့အပေါ် မူတည်နေပြီး ဇွန်လ ၁ ရက်နေ့ဟာ နိုင်ငံအတွင်းက ပြိုင်ပွဲတွေကို ပြန်လည်ကျင်းပခွင့်ပေးလိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်။
ပရီးမီးယားလိဂ်ဟာ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကတည်းက ရပ်ဆိုင်းခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိရာသီရဲ့ နောက်ဆုံးပွဲစဉ်တွေဟာ ယခုလာမယ့် တနင်္ဂနွေနေ့မှာ ကျင်းပသွားဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။
Photo: Vanguard
ပရီးမီးယားလိဂ်အသင်း စုစုပေါင်း ၂၀ ဟာ ပြိုင်ပွဲကို ဘယ်အချိန်မှာ လုံခြုံစိတ်ချစွာနဲ့ ပြန်လည်ကျင်းပနိုင်မလဲဆိုတာကို ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပြီး အချို့အသင်းတွေကတော့ ကစားသမားတွေကို တစ်ဦးချင်းစီ လေ့ကျင့်ရေးကွင်းမှာ ပြန်လည် လေ့ကျင့်မှုတွေ ပြုလုပ်ခွင့်ပြုခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပရိသတ်တွေဟာ ကွင်းထဲအထိ တက်ရောက်ကြည့်ရှုခွင့် ရနိုင်ဦးမှာမဟုတ်ဘဲ ယခုရာသီ လက်ကျန်ပွဲစဉ်အားလုံးဟာ တံခါးပိတ်ကျင်းပသွားဖို့ စီစဉ်ခြင်းခံနေရတာဖြစ်ပါတယ်။