အာဆင်နယ်ကြယ်ပွင့်ဟောင်း အဲလက်စ်ဆောင်းဟာ ပိုက်ဆံအတွက်နဲ့ အာဆင်နယ်အသင်းကို ဘာစီလိုနာအသင်းအတွက် စွန့်ခွာခဲ့တာဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပြီး နူးကမ့်မှာ ပွဲကစားချိန်ရှိ၊ မရှိနဲ့ပတ်သက်ပြီး စိတ်မဝင်စားခဲ့ဘူးလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆောင်းဟာ အာဆင်နယ်အသင်းအတွက် ၇ ရာသီကြာ ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပြီး မြောက်လန်ဒန်အသင်းအတွက် စုစုပေါင်း ပွဲပေါင်း ၂၀၀ ကျော် ကစားပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Photo: Football365

ဆောင်းဟာ ၂၀၁၂ ခုနှစ် နွေရာသီမှာ ဘာစီလိုနာအသင်းကို ပေါင် ၁၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် လေးနှစ်တာကာလအတွင်း နူးကမ့်မှာ ဘာစီလိုနာအသင်းအတွက် စုစုပေါင်း ၆၅ ပွဲသာ ကစားပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ ကင်မရွန်းလက်ရွေးစင်ကြယ်ပွင့်ဟာ အာဆင်နယ်အသင်းမှာ ရှိနေခဲ့တဲ့အချိန်အတွင်း ပိုက်ဆံကို အဆင်အခြင်မဲ့ သုံးဖြုန်းခဲ့တယ်လို့ အပြစ်တွေကို ဝန်ခံပြောကြားခဲ့ပြီး ဘာစီလိုနာအသင်းက ကြီးမားတဲ့ငွေကြေးပမာဏနဲ့ ကမ်းလှမ်းလာတဲ့အချိန်မှာတော့ အသင်းပြောင်းဖို့ တစ်စက္ကန့်မှတောင် မတွန့်ဆုတ်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဘောလုံးသမားအများစုက သူတို့ ရှာနိုင်တာထက် ပိုပြီးသုံးချင်ကြတယ်။ ကျွန်တော် အာဆင်နယ်အသင်းမှာ ၈ နှစ်လောက် ရှိခဲ့ပေမယ့် နောက်ဆုံး ၄ နှစ်လောက်မှပဲ ပိုက်ဆံကောင်းကောင်းရှာနိုင်ခဲ့ပါတယ်”

“အဲဒါက ကျွန်တော့်လစာ အများကြီးများသွားခဲ့လို့ပါ။ ဒါပေမယ့် ကျွန်တော်က ဘယ်လောက်တောင် ပိုက်ဆံကို အလကားသုံးဖြုန်းတတ်တဲ့လူဆိုတာကိုလည်း သိသွားခဲ့တာကြောင့်ပါ”

“ကျွန်တော် အာဆင်နယ်ကို စပြောင်းတုန်းက တစ်ပတ်လုပ်ခလစာ ပေါင် ၁၅၀၀၀ ပဲ ရခဲ့ပါတယ်။ ကျွန်တော်က ငယ်ရွယ်တဲ့ကစားသမားဖြစ်ပြီး အရမ်းပျော်ရွှင်ခဲ့မိပါတယ် ကျွန်တော့်ထက်ကြီးတဲ့လူတွေနဲ့ ပုခုံးချင်းယှဉ်ချင်လာခဲ့တယ်။ ကျွန်တော် ရှော့ပင်ထွက်ချင်တဲ့အချိန်တိုင်း ထွက်ခဲ့ပြီး ညဘက်အပြင်ထွက်တာကိုလည်း ရူးသွပ်ခဲ့ပါတယ်”

“ကျွန်တော် လေ့ကျင့်ရေးကိုသွားရင် သီယာရီအွန်နရီကို တွေ့တယ်။ သူက သူ့ကားကို လုံး၀ အလန်းကြီးဖြစ်အောင် လုပ်ခဲ့တဲ့သူပါ။ ကျွန်တော်လည်း သူ့လိုမျိုးကားရအောင် လုပ်ချင်တယ်လို့ ကိုယ့်ဘာသာပြောခဲ့မိတယ်”

“ဒါပေမယ့် ကျွန်တော် အဲဒီလိုကားရတော့ ၂ လအတွင်းပဲ ပြန်ရောင်းထုတ်ပစ်လိုက်တယ်ဆိုတာ ကျိန်ရဲပါတယ်။ ကျွန်တော့်ရဲ့ပိုက်ဆံအားလုံးက ဓာတ်ဆီထည့်ရတာနဲ့ ကုန်သွားလို့ပါ”

“ကျွန်တော် သူတို့ကိုပြောခဲ့တယ်။ ငါ့ကို တိုယိုတာကားပဲပေးပါ။ ဒီကားကြီးက အရမ်းအကုန်အကျများလွန်းတယ်လို့”

“ကျွန်တော် နောက်တစ်ခေါက်လေ့ကျင့်ရေးကို သွားတဲ့အခါမှာ သီယာရီက မင်းရဲ့ကား ဘယ်ရောက်သွားလဲ သားလေးလို့ မေးပါတယ်။ အဲဒီကားက ကျွန်တော့်အဆင့်ထက် ပိုမြင့်နေတယ်လို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ် ။အာဆင်နယ်မှာ ရှိခဲ့တဲ့အချိန်အတွင်း ကျွန်တော် ပေါင် ၁၀၀၀၀၀ တောင် မစုနိုင်ခဲ့ပါဘူး။ လူတွေကတော့ ကျွန်တော်က မီလျံနာဖြစ်နေလိမ့်မယ်လို့ထင်ခဲ့ကြတာပါ”

Photo: The Sun

“ဘာစီလိုနာက ကျွန်တော့်ကို စာချုပ်ကမ်းလှမ်းတဲ့အခါမှာ ကျွန်တော် ဘယ်လောက်အထိ ပိုက်ဆံရလိမ့်မလဲဆိုတာကို မြင်ခဲ့တယ်။ ကျွန်တော် ၂ ခါမစဉ်းစားခဲ့ဘူး။ ကျွန်တော့်မိန်းမနဲ့ကလေးတွေလည်း ကျွန်တော့်ကစားသမားဘ၀ ပြီးဆုံးတဲ့အခါမှာ သက်တောင့်သက်သာရှိတဲ့ဘဝမျိုး ရရှိလိမ့်မယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်”

“ကျွန်တော် ဘာကာအားကစားဒါရိုက်တာနဲ့ တွေ့ဆုံခဲ့တယ်။ သူက ကျွန်တော် ပွဲအများကြီးကစားရမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်”

“ဒါပေမယ့် ကျွန်တော် လုံး၀ သောက်ဂရုမစိုက်ပါဘူး။ကျွန်တော် မီလျံနာဖြစ်လာနိုင်တယ်ဆိုတာ သိနေခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။