Friendship တစ်ခုဟာ ကြည်နူးဖို့ ကောင်းတဲ့ လူ့ဖြစ်စဉ်ပါ။ သင့်မှာ အတူတူ ရယ်မောမယ့် သူငယ်ချင်းတွေ ရှိမယ် ၊ အခက်အခဲဆို အတူဖြတ်သန်းပေးမယ့် ရဲဘော်ရဲဘက်တွေ ရှိမယ်ဆိုရင် ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ ဒါပေမယ့် လူတိုင်းတော့ ကံမကောင်းနိုင်ပါဘူး။
နှစ်တွေ ကြာလာတာနဲ့အမျှ နေပူပူအောက်က ရေတစ်ခွက်လို အငွေ့ပျံပျောက်ကွယ်သွားကြတဲ့ (Friendship) သက်တမ်းလွန်သွားတဲ့ သူငယ်ချင်းဟောင်းတွေလည်း အများကြီး ရှိမှာပါ။ ဘဝကို နောက်ကြောင်းပြန် ငေးကြည့်မိတဲ့အခါ ကိုယ်နဲ့ ရင်းနှီးခင်မင်ခဲ့တဲ့ လူတိုင်းကို အပြည့်အစုံ လူစေ့ပြန်မြင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။

မိတ်ဆွေတွေ ဆုံးရှုုံးတာဟာ ဘဝမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေထဲက တစ်ခု ဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်သူငယ်ချင်းတွေကို ကိုယ်နဲ့ သူစိမ်း မဖြစ်စေချင်ဘူးဆိုရင် ဒီအချက် ၃ ချက်ကို လိုက်နာတာနဲ့တင် အဆင်ပြေနိုင်ပါတယ်။

(၁) လက်ခံပါ

Photo: Freepik

လူတိုင်းရဲ့ ကောင်းကွက် တော်ကွက်တွေချည်း လိုချင်နေလို့ မဖြစ်ပါဘူး။ သူတို့ရဲ့ လျှော်ကွက် ဖောင်းကွက်တွေကိုလည်း လက်ခံဖို့ လိုပါတယ်။ တစ်ခါတစ်လေမှာ အချင်းချင်း ကတောက်ကဆ ဖြစ်တာတွေ ရှိနိုင်ပါတယ်။ ပြိုင်မငြင်းပါနဲ့။ တတ်နိုင်သရွေ့ ကိုယ့်ဘက်က အရင်လျှော့ပါ။ ငြင်းလိုက်လို့ သင့်မှာ ဘာမှ မရပါဘူး။ ဆုံးရှုံးဖို့ပဲ များပါတယ်။

(၂) အမြဲဆက်သွယ်ပါ

Photo: independent

ဘယ်လောက်ဝေးဝေး တစ်ပတ်တစ်ခါ ဒါမှမဟုတ် တစ်လတစ်ခါဖြစ်ဖြစ် ဆက်သွယ်ပါ။ စကားတွေ ပြောပါ။ တကယ်လို့ အဆက်အသွယ်ပြတ်နေတဲ့ သူငယ်ချင်းနဲ့ ဆုံရင်လည်း အရင်လို လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ပါ။ စကားတွေ ပြောပါ။ တတ်နိုင်သလောက် ကူညီပါ။ ဘယ်မိတ်ဆွေမဆို သူ့ကို လိုလားတဲ့ သူငယ်ချင်းကို ခင်တွယ်ဖို့ ဘာမှ တိုက်တွန်းစရာ လိုမှာမဟုတ်ပါဘူး။

(၃) စိတ်တူကိုယ်မျှတဲ့ ဝါသနာ ရှိပါစေ

Photo: nationalpost

သူငယ်ချင်းတွေအကြားမှာ တူညီတဲ့ ဝါသနာ ၊ စရိုက်နဲ့ အလေ့အကျင့်ဆိုတာ ရှိတတ်စမြဲပါ။ ဘဝအမြင်ချင်း တူတာ ၊ စာဖတ်/ခရီးသွား/ လေ့ကျင့်ခန်း စတဲ့ ဝါသနာတူတာတွေကပဲ သူငယ်ချင်းတွေအကြား သံယောဇဉ်ပိုမြဲစေတဲ့ အရာ ဖြစ်ပါတယ်။ မိတ်ဆွေတွေအကြားမှာ တူမျှတဲ့ ဝါသနာ Common Ground ရှိရင် အဲဒီအချက်ကို ဖွံ့ဖြိုးအောင်လုပ်ပါ။ ဒီနည်းနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုပြီး နီးစပ်ခင်မင်မှု ဖြစ်လာပါလိမ့်မယ်။