စာများများ ဖတ်လေလေ သိစရာများလေလေ ဖြစ်ပြီး သိတာတွေ များလေလေ သင်သွားမယ့် နေရာတွေလည်း ပိုများလေလေ ဖြစ်ပါတယ်။ ဒါကတော့ စာဖတ်ခြင်းက ပေးတဲ့ အကျိုးကျေးဇူးအကြောင်း ဖော်ပြချက်တွေထဲက တစ်ခုပါ။စာဖတ်ကြဖို့ တိုက်တွန်းကြပေမယ့် ဘယ်လိုဖတ်သင့်တယ်။ ဘယ်လောက် ဖတ်သင့်တယ်ဆိုတာ အကြံပြုတာမျိုး နည်းပါတယ်။ အခုလို ကပ်ဘေးကာလမှာဆို စာဖတ်ဖို့ အချိန်ပိုရကြပေမယ့် ပုံမှန်လည်ပတ်နေတဲ့ ကမ္ဘာကြီးထဲမှာ အရေးကိစ္စပေါင်းစုံနဲ့ စာတစ်အုပ်ကောက်ကိုင်ဖို့တောင် ခက်နိုင်ပါတယ်။ ဒီတော့ တစ်လကို စာအုပ်တစ်အုပ် ဖတ်ဖို့ဆိုတာ ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။တစ်လကို စာအုပ်တစ်အုပ် ပုံမှန်ဖတ်သွားခြင်းက ဘယ်လိုထူးခြားတဲ့ ရလဒ်တွေ ပေးမလဲဆိုတာ ကြည့်ရအောင်ပါ။

(၁) စိတ်ဓါတ်ကြံ့ခိုင်တယ်

Photo: Frobes

စာဖတ်တယ်ဆိုတာ ဦးနှောက်ကို အလုပ်လုပ်နေတာ ၊ လေ့ကျင့်ခန်း ဆင်းနေတာ ဖြစ်ပါတယ်။ စာဖတ်ခြင်းက စိတ်ဓါတ်ဖွံ့ဖြိုးစေပြီး စိတ်အပန်းပြေစေပါတယ်။ ကမ္ဘာကျော် ဘီလျံနာကြီးနှစ်ဦးဖြစ်တဲ့ ဘီလ်ဂိတ်စ် နဲ့ ဝါရင်းဘတ်ဖတ်တို့နှစ်ယောက်စလုံးရဲ့ စူပါပါဝါတစ်ခုက ငွေရှာနိုင်တာ မဟုတ်ပါဘူးတဲ့။ စာဖတ်ရှိန်မြင့်ပြီး စာက ရတဲ့ အသိဉာဏ်ထက်သန် ကြွယ်ဝခြင်းပဲ ဖြစ်ပါတယ်။

စာဖတ်ရင်း စဉ်းစား ၊ စဉ်းစားပြီး ဘဝနဲ့ တိုက်ဆိုင် နှိုင်းယှဉ်ဆင်ခြင် ၊ ဆင်ခြင်ပြီး အသုံးချခြင်းဟာ စိတ်လေ့ကျင့်ခန်း လုပ်နေတာပါ။ စိတ်ကြွက်သားတွေအတွက် အလေးမပေးနေတာ ဖြစ်ပါတယ်။ စာဖတ်တယ်ဆိုတာ ကိုယ့်ရဲ့ ဆင်ခြင်တုံတရားနဲ့ အတွေးအခေါ်ကို ပြန်ပြီး Challenge ခေါ်တာ ဖြစ်ပါတယ်။ တစ်လမှာ စာတစ်အုပ်ဖတ်ခြင်းဟာ လစဉ် သင့်ကိုယ်သင် အသိအမြင် ၊ အတွေးအခေါ်နဲ့ အတွေ့အကြုံ ကြိုးဝိုင်းမှာ လက်ဝှေ့ကျင့်နေတာလို့ ဆိုနိုင်ပါတယ်။

(၂) အိုင်ဒီယာသစ်တွေ ရတယ်

Photo: entrepreneur

ဖန်တီးမှုတွေ ကျဆင်းလာပြီး ခေါင်းထဲက ဘာအကြံဉာဏ်အသစ်မှ ထွက်မလာချိန်မှာ စာအုပ်ဖတ်လိုက်တာနဲ့ ခေါင်းထဲ လင်းခနဲ ဖြစ်သွားတတ်ပါတယ်။ စိတ်ကူးအကြံအစည်သစ်ဖြစ်ဖို့ လူတွေဟာ အတွေ့အကြုံနဲ့ သင်ယူထားတဲ့ အသိပညာတွေကနေ ဖလှယ်ဖို့ လိုပါတယ်။ အပြင်မှာ လူချင်းတွေ့ပြီး အတွေ့အကြုံ/အသိပညာဖလှယ်ဖို့ မလွယ်ပေမယ့် စာအုပ်တစ်အုပ်ကတော့ သင့်အတွေးကို အလင်းပြပေးနိုင်ပါတယ်။

(၃) တွေးချိန်ရတယ်

Photo: auntyfaith

ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ ရှိနေတဲ့ လူ့အများစု လုပ်ဖို့ အခက်ဆုံးအရာက အရာအားလုံး ခဏလွှတ်ထားပြီး နက်နက်နဲနဲ တွေးတောဖို့ပါ။ အင်တာနက် မသုံးဘဲ ၊ ဖုန်း screen ပေါ်က သတင်းအချက်အလက်သစ်တွေ ၊ ဖျော်ဖြေရေးတွေ မကြည့်ဘဲ လွတ်လပ်စွာ တွေးတောစီးမြောနိုင်ဖို့ဆိုတာ အတော်လေး ခက်ပါတယ်။ စာအုပ်တစ်အုပ် ဖတ်နေချိန်မှာ စာအုပ်ထဲက ဝါကျတွေနဲ့ သင်ဟာ စကားဖလှယ်ဖြစ်ပါတယ်။ အတွေးနယ်ထဲ ရွက်လွှင့်ဖြစ်ပါတယ်။ တစ်လမှာ စာအုပ်တစ်အုပ်စာဟာ အေးအေးဆေးဆေး နားနားနေနေ တွေးစရာတွေနဲ့ အတူနေလို့ကောင်းတဲ့ အတိုင်းအတာပမာဏပါပဲ။

(၄) ဖျော်ဖြေမှုပေးတယ်

Photo: careeraddict

စာဖတ်တာဟာ စိတ်ကို သက်သာရာရအောင် ဖျော်ဖြေနေတာ ဖြစ်ပါတယ်။ စာဖတ်တာဟာ ရုပ်ရှင်/တီဗွီကြည့်တာနဲ့ မတူပါဘူး။ စိတ်ကို ပိုပြီး သက်တောင့်သက်သာနဲ့ မွေ့လျော်မှု ဖြစ်စေပါတယ်။ ဝါသနာပါရင် စာအုပ်တစ်အုပ်ဟာ သင့်ကို ပိုပြီး တန်ဖိုးရှိတဲ့ ဖျော်ဖြေမှု အတွေ့အကြုံပေးပါလိမ့်မယ်။

(၅) စာအရေးအသား ပိုကောင်းလာတယ်

Photo: Freepik

စာအရေးအသား တတ်ချင်ရင် စာအဖတ်များဖို့ လိုပါတယ်။ စာဖတ်ခြင်းဟာ ဝေါဟာရကြွယ်ဝစေသလို အရေးအသားပုံစံမျိုးစုံကနေ နည်းရနိုင်ပါတယ်။ စာ‌ရေးသားမှုနဲ့ အသက်မွေးတာမျိုး မဟုတ်ရင်လည်း စာကို ပြေပြေပြစ်ပြစ် ထိထိရောက်ရောက် ရေးဖွဲ့တတ်တဲ့ ပညာတတ်ထားတာ ဘာမှ မှားစရာ မရှိပါဘူး။ အနည်းဆုံးတော့ Cover Letter တစ်စောင် အလုပ်အီးမေးလ်တစ်စောင်ကို အားကောင်းကောင်း ရှင်းရှင်းလင်းလင်းနဲ့ အဆင့်အတန်းမှီမှီ ရေးသားနိုင်တဲ့ အကျိုးပေးပါတယ်။

ဒါကြောင့် တစ်လကို စာတစ်အုပ် ဖတ်ပါ။ ဖတ်သမျှ စာကို နားလည်အောင် စဉ်းစားပါ။ ဖတ်ထားတဲ့ စာရဲ့ အကျိုးအပြစ်ကို ဆင်ခြင်ပြီး လက်တွေ့ဘဝမှာ သုံးသွားရင် တစ်နေ့ထက် တစ်နေ့ ပိုပြီး ဉာဏ်ပညာရင့်သန်တဲ့သူ ဖြစ်လာမှာပါ။