ပယ်ချခံရခြင်းဆိုတာ အလုပ်အကိုင်မှာရော ပြင်ပ ပုဂ္ဂလိကဘဝမှာပါ ကြုံရတဲ့ သဘာဝတစ်ခုပါ။ ဘယ်သူမှ ငြင်းပယ်ခံရခြင်းနဲ့ မကင်းနိုင်ပါဘူး။ ဒါပေမယ့် ဒီကနေ ပိုကောင်းတဲ့ အခွင့်အလမ်းတွေ သင်ယူခွင့် ရနိုင်ပါတယ်။
တကယ်လို့ သင်ဟာ ငြင်းပယ်ခံရမှုနဲ့ ကြုံရတဲ့အခါ ဒါကို ဘယ်လိုကျော်ဖြတ်မလဲ ၊ ဒီအတွေ့အကြုံကနေ ဘာတွေ အမြတ်ထုတ်နိုင်မလဲဆိုတာကို အခုပြောမယ့် နည်းလမ်းတွေက ကူညီပေးနိုင်ပါတယ်။
(၁) လက်ခံပါ

Photo: Unsplash
အရင်ဆုံး သိရမယ့်အချက်က လက်ခံလိုက်ဖို့ပါပဲ။ လက်မခံနိုင်ခြင်းဟာ ရှေ့ခရီးကို ဆက်မသွားနိုင်အောင် တုံးခုလိုက်တာပါ။ အငြင်းပယ်ခံရမှုကို မြန်မြန်လက်ခံလေလေ ပိုပြီး သန်မာလာပြီး ကိုယ့်ကိုယ်ကို ပိုကြိုးစားဖို့ လမ်းဖွင့်ပေးသလို ဖြစ်လေလေပါပဲ။
(၂) သင်ယူပါ

Photo: Freepik
သင့်ကို ငြင်းပယ်လိုက်တဲ့ အကြောင်းကနေ သင်စရာတွေ ရှိမှာပါ။ ငြင်းပယ်မှု ကြုံပြီးနောက် သင်လုပ်မိတဲ့ အမှားက ဖြစ်စေ ၊ သင့်မှာ အရည်အချင်းအားနည်းနေတာ ဖြစ်စေ ပြန်ပြီး သင်ယူစရာတွေ ရှိလာနိုင်ပါတယ်။ ငြင်းပယ်ခံရတယ်ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ သင့်ကို ထပ်ပြီး ပိုကောင်းတဲ့သူ ဖြစ်အောင် တွန်းပို့ပေးလိုက်တဲ့ အရာ ဖြစ်ပါတယ်။
(၃) အချိန်ပေးပါ

Photo: Freepik
အငြင်းပယ်ခံရတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ အချိန်လိုပါတယ်။ စိတ်ရှည်ပါ။ ကိုယ့်ကျန်းမာကြံ့ခိုင်ရေး ၊ စိတ်ဓါတ်ကြံ့ခိုင်လာပြီး ပိုမိုကောင်းမွန်သန်မာလာတဲ့ လူတစ်ယောက်ဖြစ်လာအောင် အာရုံစိုက်ပါ။ အချိန်တိုအတွင်း စိတ်ဒဏ်ရာသက်သာဖို့ကတော့ မလွယ်ပါဘူး။
ပိုကောင်းတဲ့ လူတစ်ယောက် ဖြစ်လာအောင် အချိန်ပေး ကြိုးစားပါ။ ကိုယ့်အရည်အချင်းတွေ မြှင့်တင်နေပါ။ ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်လာအောင် ကြိုးစားရာမှာလည်း ထပ်ပြီး အငြင်းခံရတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ပိုကောင်းအောင် ကြိုးစားသူဟာ တစ်နေ့မှာ သူ့ရဲ့ နေရာမှန်ကို ရောက်မယ်ဆိုတာ ယုံကြည်ထားဖို့ လိုပါတယ်။
(၄) စိတ်ကို ပြင်ဆင်ထားပါ

Photo: Freepik
တစ်ချိန်ချိန်မှာ Rejection ကြုံလာနိုင်ပါတယ်။ ပြင်ဆင်ထားဖို့ လိုပါတယ်။ ခဏခဏ အငြင်းပယ်ခံရတဲ့သူဟာ အဲ့ဒီ အငြင်းခံရမှုကနေ ရုန်းထွက်နိုင်ရင် အမြင့်ကြီးကို ရောက်သွားနိုင်ပါတယ်။ အငြင်းခံရတယ်ဆိုတာ အားလုံး အဆုံးသတ်သွားတာ မဟုတ်ပါဘူး။ သင်ကြည်ညိုလေးစားရတဲ့ လူတိုင်းလည်း အငြင်းပယ်ခံခဲ့ရဖူးတဲ့ သူတွေ ဖြစ်ပါတယ်။အပယ်ခံရလို့ စိတ်ဓါတ်ကျမသွားပါနဲ့။ ဒါဟာ သင့်ကို ပိုကောင်းအောင် ထပ်မွမ်းမံဖို့ အားပေးလိုက်တဲ့ မက်ဆေ့တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
