မျက်စိဟာ လူရဲ့ အရေးပါဆုံးနဲ့ အသုံးအများဆုံး အင်္ဂါအစိတ်အပိုင်းထဲမှာ ပါပါတယ်။ “မျက်စိအဆုံး နားအရှုံး” ဆိုပြီးတောင် မျက်လုံးရဲ့ အရေးပါပုံကို ဆိုထုံးပြုခဲ့ကြသေးတာပါပဲ။

အခုလို စမတ်ဖုန်းတွေ လူတိုင်းကိုင်နိုင်လာတဲ့ခေတ်မှာတော့ မျက်စိရဲ့ အမြင်အာရုံကို ထိခိုက်စေမယ့် အရာတွေလည်း အရင်ကထက် ပိုများလာပြီ ဖြစ်ပါတယ်။ မျက်လုံးဟာ တစ်သက်လုံး သုံးရမယ့် ကိုယ်အင်္ဂါတစ်ခု ဖြစ်လို့ အမြင်အာရုံအားနည်းမှု မဖြစ်အောင် ငယ်စဉ်ကတည်းက အခုပြောမယ့် အချက်တွေလိုက်နာပြီး ကြိုတင်ကာကွယ်သင့်ပါတယ်။

(၁) မှန်ကန်တဲ့ အာဟာရစားပေးပါ

Photo: villageeyecare

အာဟာရဟာ ရုပ်ကို ပြင်ပေးပါတယ်။ မျက်လုံးအတွက်ဆိုရင် ဗိုက်တာမင်စီနဲ့ ဗိုက်တာမင်အီး ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုပါတယ်။ အိုမိုဂါ ၃-၆-၉ စတဲ့ ဖြည့်စွက်အစားအစာတွေ ၊ လူတိန်းနဲ့ ဇင့်ဓါတ် ပါတဲ့ အစားအသောက်တွေ စားပေးသင့်ပါတယ်။
စားပေးသင့်တဲ့ အစားအစာတွေကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ ၊ ဆယ်လ်မွန်ငါး ၊ တူနာငါး ၊ အစေ့အဆံနဲ့ ပဲအမျိုးမျိုး ၊ သံပုရာ လိမ္မော်စတဲ့ သစ်သီးများ နဲ့ ကမာတို့ ဖြစ်ပါတယ်။ ဒီအစားအသောက်တွေက မျက်လုံးကျန်းမာရေးအတွက် အထူးပဲ ကောင်းမွန်တဲ့ အစားအသောက်တွေ ဖြစ်ပါတယ်။

(၂) Screen ကြည့်ချိန် လျှော့ပါ

Photo: Freepik

မျက်စိမထိခိုက်စေဖို့ စမတ်ဖုန်းသုံးတာ ၊ တီဗွီကြည့်တာ ၊ လက်ပ်တော့နဲ့ အလုပ်လုပ်တာ စတဲ့ Screen ရှေ့မှာ အနေများတဲ့ အကျင့်ကို ပြုပြင်သင့်ပါတယ်။ Screen ပါတဲ့ အီလက်ထရွန်းနစ် ထုတ်ကုန်တေါဟာ မျက်စိထိခိုက်စေပြီး ခေါင်းကိုက်တာ ၊ ကြွက်သားနာကျင်တာတွေ ဖြစ်နိုင်ပါတယ်။ ကွန်ပျူတာ/ဖုန်းသုံးလို့ အနည်းဆုံး ၁ နာရီကြာတိုင်း ၁၀ မိနစ်အနားယူတာမျိုး လုပ်သင့်ပါတယ်။

(၃) မျက်စိမထိခိုက်အောင် ကာကွယ်ပါ

Photo: dumblittleman

ကိုယ့်အလုပ်က ကွန်ပျူတာရှေ့မှာ တောက်လျှောက် ထိုင်လုပ်နေရတာမျိုးဆိုရင် Screen အလင်းတွေကြောင့် မျက်လုံးမထိခိုက်အောင် ကာကွယ်ဖို့က အရေးကြီးပါတယ်။ Screen ရဲ့ အလင်းနဲ့ တောက်ပမှုနှုန်း လျှော့ပါ။ Blue Light Filter မျက်မှန်မျိုး တပ်ပါ။
သက်တောင့်သက်သာရှိပြီး နောက်ကျောမနာမယ့် ထိုင်ခုံမျိုးသုံးပါ။ မျက်လုံးခြောက်သွေ့တာ ၊ မျက်စိညောင်းညာလာရင် မျက်စဉ်းခပ်တာ ၊ ခဏနားပြီး လမ်းလေးဘာလေး လျှောက်တာမျိုး လုပ်သင့်ပါတယ်။

(၄) နေပူထဲ သွားတိုင်း မျက်မှန်တပ်ပါ

Photo: Freepik

နေကာမျက်မှန်တွေဟာ နေပူကြဲကြဲထဲ ထွက်တိုင်း တပ်သင့်ပါတယ်။ နေကာမျက်မှန်အများစုဟာ အန္တရာယ်ရှိတဲ့ UV ရောင်ခြည်တွေကနေ မျက်လုံးကို ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။