ပီအက်စ်ဂျီအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ပြန်မစမီမှာ အသင်းကို စွန့်ခွာသွားလိမ့်မယ်လို့ စနေနေ့သတင်းတွေအရ သိရပါတယ်။
ယခုလအစောပိုင်းမှာ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ကာဗာနီဟာ ၂၀၁၃ ခုနှစ်မှာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက သွင်းဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ၎င်းရဲ့လက်ရှိစာချုပ် ပြည့်မြောက်မယ့် ယခုရာသီကုန်မှာ အသင်းနဲ့ လမ်းခွဲတော့မယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

Photo: BeSoccer
RMC Sport နဲ့ Marca တို့ကလည်း ဘယ်လ်ဂျီယံလက်ရွေးစင်ဘယ်နောက်ခံကစားသမား သောမတ်စ်မူနီယာကလည်း ပီအက်စ်ဂျီအသင်းကနေ လာမယ့်ဇွန်လ ၃၀ ရက်နေ့မှာ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကို သြဂုတ်လမှာ အပြီးသတ်ကစားဖို့ ယူအီးအက်ဖ်အေက စီစဉ်ထားတာဖြစ်ပါတယ်။

Source : The Times
ပီအက်စ်ဂျီအသင်းအနေနဲ့ ယခုလာမယ့်နွေရာသီမှာ စိန့်အက်တီယန်အသင်းနဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲ၊ လိုင်ယွန်အသင်းနဲ့ လိဂ်ဖလားဗိုလ်လုပွဲတို့ကိုလည်း ကစားဖို့ရှိနေဆဲဖြစ်ပါတယ်။ လီဂူးဝမ်းဟာ ပြီးခဲ့တဲ့ဧပြီလမှာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါကြောင့် ရာသီကို အဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ၃ နှစ်ဆက် ချန်ပီယံဖြစ်လာခဲ့တာဖြစ်ပါတယ်။
