ကိုယ်နဲ့ တစ်ခါမှမဆုံဖူးသေးတဲ့ လူတစ်ယောက်နဲ့ မိနစ်ပိုင်းအတွင်း ချက်ချင်းရင်းနှီးတဲ့ဆက်ဆံရေးမျိုး တည်ဆောက်ချင်ပါသလား။ လူတိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုးတည်ဆောက်နိုင်ဖို့ဆိုတာ တော်ရုံလွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ သင့်ရဲ့လူမှုဆက်ဆံရေးစွမ်းရည်ကိုမြှင့်တင်ပြီး လူသစ်တစ်ယောက်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မယ့် နည်းလမ်းကောင်းတစ်ချို့ကိုမျှဝေပေးချင်ပါတယ်။
(၁) အာရုံစိုက်ထားပါ

Source : Entrepreneur
လူတစ်ယောက်နဲ့ ဆက်ဆံပြောဆိုတဲ့အခါမှာ တစ်ဖက်လူအပေါ် အပြည့်အဝအာရုံစိုက်ခြင်းက အင်မတန်အရေးကြီးတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်က ကိုယ့်ကိုအမှန်တကယ်စိတ်ဝင်စားမှုရှိရဲ့လား ကိုယ့်အပေါ်အာရုံစိုက်ရဲ့လားဆိုတာ မျက်လုံး မျက်နှာအမူအရာ အပြုအမူတို့ကတဆင့်သိနိုင်ပါတယ်။ဒါကြောင့်လူတစ်ယောက်ကိုစကားပြောရင် ဖုန်းကိုကြည့်နေတာ အဝေးကိုငေးနေတာ စတဲ့အပြုအမူတွေကိုရှောင်ပြီး အာရုံစိုက်မှုအပြည့်အဝထားသင့်ပါတယ်။
(၂) နာမည်တပ်ပြီးစကားပြောပါ

Source : Paycor
လူတစ်ယောက်နဲ့တစ်ယောက် ပထမဆုံးတွေ့ဆုံချိန်မှာ နာမည်တွေကိုမှတ်မိနေဖို့က ခဲယဉ်းလှပါတယ်။ ဒါပေမယ့် နာမည်ခေါ်ပြီးစကားပြောတာက တကယ့်ကိုရင်းနှီးနွေးထွေးတဲ့ သဘောကိုဆောင်စေပါတယ်။ ဒါကြောင့်သင့်အနေနဲ့ ပထမဆုံး နာမည်မိတ်ဆက်ပြီးချိန်မှာ ထိုလူရဲ့ နာမည်ကို ထပ်ခါတလဲလဲ အသုံးပြုပြီးစကားပြောကြည့်ပါ။ ဥပမာ ” တွေ့ရတာဝမ်းသာပါတယ် ကိုအောင် ” စသည်ဖြင့်စကားတိုင်းမှာ တစ်ဖက်လူရဲ့နာမည်ကိုထည့်သုံးပြီး ပြောမယ်ဆိုရင် အချိန်တိုအတွင်းရင်းနှီးမှုရစေနိုင်ပါတယ်။
(၃) ပွင့်လင်းစွာပြောဆိုပါ

Source : CNBC
လူတိုင်းလူတိုင်းက ရိုးသားပွင့်လင်းတဲ့ အမူအကျင့်ရှိသူတွေနဲ့ စကားပြောရတာကိုနှစ်သက်ကြပါတယ်။ ပထမဆုံးစတွေ့ချိန်မှာကတည်းက ဟိတ်ဟန်တွေများနေရင် ရင်းနှီးမှုကရသလောက်မရနိုင်ပါဘူး။ ဒါကြောင့် လူတစ်ယောက်နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရချင်ရင် အကောင်းဆုံးက ရင်းရင်းနှီးနှီးနဲ့ ပွင့်လင်းစွာပြောဆိုဆက်ဆံပါ။ ကိုယ်ရေးကိုယ်တာကိစ္စတွေကလွဲပြီး ကိုယ်ရဲ့ ပင်ကိုယ်အရှိအတိုင်း ပွင့်လင်းစွာပြောဆိုဆက်ဆံသင့်ပါတယ်။
(၄) မတူညီတဲ့အမြင်ကိုလေးစားပါ

Source : Flare HR
လူတစ်ယောက်နဲ့ တစ်ယောက်မှာ မတူညီတဲ့အမြင် ခံယူချက်နဲ့ ကွဲလွဲတဲ့သဘောထားတွေရှိပါတယ်။ အခုမှစတွေ့တဲ့လူတစ်ယောက်မှာ သူနဲ့ကိုယ်နဲ့ကြား အမြင်မတူတာတွေ သဘောထားကွဲလွဲမှုတွေရှိနိုင်ပါတယ်။ ကိုယ်နဲ့အမြင်မတူတာနဲ့ ရန်သူလို့တော့သဘောထားလို့မရပါဘူး။ တစ်ဖက်လူကိုအမြင်ကို လေးစားပေးရမှာဖြစ်ပါတယ်။ ဒါမှလည်း ငြင်းခုန်မှုမရှိတဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးတည်ဆောက်နိုင်မှာဖြစ်ပြီး သူနဲ့ကိုယ်ကြားရင်းနှီးမှုကို ရစေမှာပါ။
