အမှားဆိုမှတော့ ဘယ်အမှားမှ မလုပ်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် တစ်ချို့အမှားတွေက ရှောင်လွှဲလို့လည်း မရတတ်ပါဘူး။ တစ်ချို့အမှားတွေကတော့ မဖြစ်အောင် ပြင်ဆင်ထားလို့ ရပါတယ်။ အခုပြောမယ့် အမှားတွေဟာ ပြင်ဖို့ခက်သလို ဘဝရဲ့ အရေးကြီးလှတဲ့ အရာတွေကိုလည်း လက်လွတ်စေတတ်လို့ မလုပ်ဖြစ်အောင် မဖြစ်မနေ ရှောင်သင့်ပါတယ်။
(၁) ကိုယ့်အပေါ်ကောင်းခဲ့သူတွေအတွက် အချိန်မပေးခဲ့ခြင်း

Photo: kildarepsychotherapy
တစ်ခါတစ်လေမှာ ကျွန်တော်တို့ဟာ ကိုယ့်အတွက် အကောင်းဆုံးလူတွေကို ပစ်ထားမိတတ်ပါတယ်။ ခင်စရာကောင်းတဲ့ မိတ်ဆွေ ၊ ကိုယ့်ကို မေတ္တာထားတဲ့ ဆရာသမား ၊ ကိုယ့်အပေါ် သစ္စာကြီးတဲ့ ချစ်သူ ၊ ကိုယ့်ကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပံ့ပိုးခဲ့တဲ့ မိဘ စတဲ့ Right Person တွေကို မေ့လျော့ထားတတ်ခဲ့ကြပါတယ်။
(၂) ပြောသင့်တာကို မပြောခဲ့ခြင်း

Photo: Freepik
သတ္တိရှိရှိ ထုတ်ပြောခဲ့တာမျိုးကလည်း တစ်ချိန်မှာ နောင်တမရဖို့ လုပ်သင့်တဲ့ အရာ ဖြစ်ပါတယ်။ ပြတ်ပြတ်သားသား ငြင်းခဲ့တာကလည်း မမှားအောင် ရှောင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ အရေးကြီးတာက သင်ပြောဖို့ လိုအပ်တဲ့ အရာတစ်ခုကို ပြောပြခဲ့ဖိုပါပဲ။
(၃) ထိုက်တန်တဲ့ နေရာရအောင် မလုပ်ခဲ့ခြင်း

Photo: disktrend
ပြန်တွေးရင် စိတ်မကောင်းစရာအဖြစ် တမြည့်မြည့် နောင်တရနိုင်တဲ့ ကိစ္စထဲမှာ ကိုယ်လုပ်နိုင်ခဲ့လျက်သားနဲ့ /တကယ်လည်း ဖြစ်ချင်ခဲ့ပါလျက်နဲ့ မလုပ်ခဲ့မိတာပါပဲ။ ကိုယ့်မှာ ဉာဏ်ရည်ဉာဏ်သွေးလည်း ရှိတယ်။ ပညာလည်း သင်နိုင်ပါလျက်နဲ့ ပညာတတ်တစ်ယောက်ဖြစ်အောင် မလုပ်မိတာ ၊ ကိုယ်ကြိုးစားခဲ့ရင် အောင်မြင်နိုင်ပါလျက်နဲ့ အရှုံးပေးခဲ့တာမျိုး ဖြစ်ပါတယ်။
(၄) ကိုယ့်ကံကြမ္မာကို တစ်ခြားသူတွေဆီ အပ်နှံထားခြင်း

Photo: Freepik
တစ်လျှောက်လုံး သူများရဲ့ အမြင်တွေ ဘောင်တွေထဲ ဝင်အောင် နေထိုင်တာကလည်း ဘဝမှာ ကြီးမားလှတဲ့ အမှားကြီးတစ်ခု ဖြစ်ပါတယ်။ ကိုယ့်အနာဂါတ်ကို တစ်ခြားသူတွေရဲ့ ဆန္ဒအတိုင်း ဖြစ်အောင် ၊ တတ်နိုင်သမျှ တစ်ခြားသူတွေရဲ့ ငြင်းပယ်ပြစ်တင်မှု မခံရအောင် ကိုယ့်စိတ်ဆန္ဒကို ချုပ်တည်းထားတာမျိုးဟာ ဘယ်လိုမှ မဖြစ်သင့်ပါဘူး။
လူဟာ ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဘဝမှာ မှန်မယ်ထင်တာ လုပ်ရင်း မှားသွားနိုင်ပါတယ်။ အမှားကို သိဖို့နဲ့ ပြင်ဖို့ကသာ လူကို ပိုကောင်းအောင် လုပ်ပေးတဲ့ အကျင့်ကောင်း ဖြစ်ပါတယ်။
