စာဖတ်သူတို့ထဲမှာ ရေနွေးနဲ့ ရေချိုးရတာကို ကြိုက်တဲ့သူတွေရှိပါသလား။ အများစုကတော့ သာမာန်ရေအေးနဲ့ ပဲ ရေချိုးကြတာများပါတယ်။ တကယ်တော့ ရေနွေးနဲ့ ရေချိုးတာဟာ စာဖတ်သူတို့ရဲ့ စိတ် ၊ ခန္ဓာကိုယ်နှင့် အသားအရေအပေါ် ကောင်းကျိုးတွေများစွာရှိပါတယ်။ စိတ်ရောလူပါပင်ပန်းနွမ်းနယ်နေချိန်မှာ ရေနွေးနဲ့သာ ရေချိုးကြည့်လိုက်ပါ။ ထူခြားမှုကို သိသိသာသာခံစားရစေမှာပါ။ ဒါ့ထက်ပိုပြီး ရေနွေးနဲ့ ရေချိုးခြင်းက ဘယ်လိုကောင်းကျိုးတွေရစေလဲဆိုတာ ပြောပြပေးချင်ပါတယ်။

Source : Dreamstime
မကြာသေးမှီက ပြုလုပ်ခဲ့တဲ့လေ့လာဆန်းစစ်မှုတစ်ခုအရ ရေနွေးနဲ့ ရေချိုးခြင်းက သွေးတွင်းသကြားဓာတ်ကို လျော့နည်းစေပြီး ခန္ဓာကိုယ်မှကယ်လိုရီများလောင်ကျွမ်းမှုအပေါ် အကျိုးသက်ရောက်မှုရှိစေတယ်လို့ သိပ္ပံပညာရှင်တွေကဆိုထားပါတယ်။ ဒါ့အပြင် ရေနွေးနဲ့ရေချိုးတဲ့အခါ သင့်ရဲ့ ပခုံး လက်မောင်းနှင့် နောက်ကျောကြွက်သားတွေကို နှိပ်နယ်ပေးတဲ့သဘောသက်ရောက်စေတာကြောင့် ခန္ဓာကိုယ်ကြွက်သားတင်းမာမှုတွေကိုလည်း ပြေလျော့စေပြီး ညောင်းညာကိုက်ခဲမှုတွေကို သက်သာစေနိုင်မှာဖြစ်ပါတယ်။

Source : Dreamstime
ယနေ့ခေတ်မှာလူတိုင်းအဖြစ်များတဲ့ ခေါင်းကိုက်ခြင်းဝေဒနာအမျိုးအစား အများစုဟာဆိုရင် ဦးခေါင်းထဲရှိသွေးကြောမျှင်လေးများ ကျဉ်းမြောင်းလာခြင်းကြောင့် ဖြစ်ပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းက အဆိုပါသွေးကြောမျှင်လေးအပေါ်ရှိ ဖိအားနှင့်တင်းကျပ်မှုတွေကိုပြေလျော့သက်သာစေတာကြောင့် ခေါင်းကိုက်ဝေဒနာကို သက်သာစေမှာဖြစ်ပါတယ်။ အသားအရေနှင်ပတ်သတ်ပြီးလည်း ကောင်းကျိုးတွေရှိပါသေးတယ်။ ပူနွေးတဲ့ရေက ခန္ဓာကိုယ်အရေပြားပေါ်ရှိချွေးပေါက်လေးတွေကို ပွင့်စေတာကြောင့် အရေပြားအတွင်းပိုင်းရှိ အညစ်အကြေးနှင့် အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးကာ အသားအရေပိုမိုလှပပြီး နုပျိုလာစေမှာဖြစ်ပါတယ်။

Source : Natural Wire
နောက်ထပ်ကောင်းကျိုးတစ်ခုကတော့ စိတ်ဖိစီးမှုကို အလျင်အမြန်ဆုံးသက်သာလျော့ကျစေတာဖြစ်ပါတယ်။ ရေနွေးနဲ့ရေချိုးခြင်းက စိတ်ဖိစီးမှု စိုးရိမ်စိတ်တွေကို လျော့ပါးသက်ကာစေရုံသာမက စိတ်ခံစားမှုပိုမိုကောင်းမွန်စေကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် ပင်ပန်းစရာတွေနဲ့ စိတ်ဖိစီးနေတဲ့နေ့တစ်နေ့ဆိုရင်ရေနွေးနဲ့သာရေချိုးလိုက်ပါ။ သင့်ရဲ့ခန္ဓာကိုယ်ကို ပိုပြီးသက်တောင့်သက်သာဖြစ်စေမှာဖြစ်ပြီး နှစ်နှစ်ခြိုက်ခြိုက်ကောင်းစွာအိပ်ပျော်စေနိုင်ဖို့လည်း တွန်းအားဖြစ်စေမှာဖြစ်ပါတယ်။ ကဲဒါဆိုရင် ရေနွေးနဲ့ ရေချိုးခြင်းရဲ့ ကောင်းကျိုးတွေတော်တော်များများကို သိပြီဆိုတော့ တစ်ခါလောက်စမ်းပြီး ရေနွေးနဲ့ ရေချိုးကြည့်ဖို့ အကြံပြုချင်ပါတယ်။
