မန်ချက်စတာယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ ရှက်ဖီးယူနိုက်တက်အသင်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က ၎င်းရဲ့ ပြစ်တင်ဝေဖန်မှုတစ်ခုကို ပြောကြားခဲ့ပါတယ်။ ၎င်းရဲ့အသင်းဟာ ဒုတိယပိုင်းမှာ အေးအေးဆေးဆေးနားပြီး ကန်လို့ရအောင် ပထမပိုင်းမှာကတည်းက ပွဲကို မဖြတ်ထားခဲ့ဘူးလို့ ပြောကြားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကို အဆင့် ၄ နေရာက ချယ်ဆီးအသင်းနဲ့ ၂ မှတ်သာ ကွာဟအောင် စီနီယာကစားသမားဘ၀ ပထမဆုံးဟက်ထရစ်သွင်းဂိုးသွင်းယူပေးနိုင်တဲ့ အန်သိုနီမာရှယ်ဟာ ပွဲစဉ်တလျှောက်အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။

Photo: Metro
ပြင်သစ်တိုက်စစ်မှူးဟာ ပထမပိုင်း ၇ မိနစ်မှာ မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပေးပို့မှုကနေတဆင့် ရှက်ဖီးအသင်းဘက်ကို အဖွင့်ဂိုးသွင်းယူခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးမှာ ဝမ်ဘစ်စ်ကာရဲ့ ညာတောင်ပံက ပေးပို့လိုက်တဲ့ဘောလုံးကို အပိုင်ပိတ်သွင်းယူပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ခရစ်စ်ဝိုင်ဒါရဲ့ ရှက်ဖီးယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး မာရှယ်ဟာ ၇၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှုကနေတဆင့် ဆိုင်မွန်မိုးနဲ့ တစ်ဦးချင်း ဂိုးကန်သွင်းပြီးနောက် ၇ နှစ်ကြာ ပျောက်ဆုံးနေတဲ့ ပထမဆုံးဟက်ထရစ်ကို သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရှက်ဖီးယူနိုက်တက်ကို လွှမ်းမိုးပြီး ကစားနိုင်ခဲ့ပေမယ့်လည်း နည်းပြဆိုးလ်ရှားက ၎င်းရဲ့ ကစားသမားတွေဟာ ပထမပိုင်းမှာ အခွင့်အရေးတွေ ပိုယူပြီး ဒုတိယပိုင်းမှာ သက်တောင့်သက်သာနေလို့ရတဲ့အခြေအနေကို ဖန်တီးနိုင်ခဲ့ခြင်းမရှိဘူးလို့ ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။
Photo: unitedinfocus
“ကျွန်တော်တို့ အချိန်တော်တော်များများမှာ အံ့အားသင့်ဖွယ်ကစားပုံအချို့နဲ့ ကစားနိုင်ခဲ့ပါတယ်။အစောကြီးကတည်းက ပွဲပြတ်နေခဲ့သင့်ပါတယ်။ အဲဒီတစ်ခုပဲ ကျွန်တော် ပြစ်တင်ဝေဖန်စရာရှိပါတယ်။ ကျွန်တော်တို့ ဒီပွဲက ပြီးသွားပြီဆိုတဲ့ ၁၀၀ ရာခိုင်နှုန်း စိတ်ခံစားချက်နဲ့ ပထမပိုင်းကို အဆုံးမသတ်နိုင်ခဲ့ပါဘူး”
“ဒါပေမယ့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ အရမ်းကောင်းကောင်းကစားနိုင်ခဲ့တယ်ဆိုတာ ဟုတ်ပါတယ်။ ပွဲကို ထိန်းချုပ်ပြီး လွှမ်းမိုးထားနိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
