ဘဝမှာ နောင်တရရမယ့် ကိစ္စတွေထဲမှာ ငွေကြေးမစုဆောင်းခဲ့မိတာကလည်း ထိပ်ဆုံးကပါဝင်နေပါတယ်။ ငွေစုဖို့က ခက်ခဲတယ်လို့အများစု ပြောကြပေမယ့် တကယ်ဖြစ်ချင်ရင် သင်ကိုယ်တိုင် တကယ်စတင်ဖို့ပဲ လိုတာပါ။ ယခုဆောင်းပါးလေးမှာ ငွေစုခြင်းရဲ့ ကောင်းမွန်တဲ့ အကျိုးရလဒ်တွေကို မျှဝေထားတာဖြစ်တာကြောင့် ဆောင်းပါးလေးဖတ်ပြီးတာနဲ့ ယခုအချိန်ကနေစတင်ပြီး လစဉ်လတိုင်း ကိုယ့်ဝင်ငွေရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်ကိုပဲ စုငွေအဖြစ် စတင်ငွေစုကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) အရေးပေါ်အခြေအနေတွေကိုကျော်လွှားနိုင်မယ်

Source : Quicken Loans

ဘဝမှာ မျှော်လင့်မထားတဲ့ အရေးပေါ်အခြေအနေတွေဆိုတာ အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အရာတွေပါ။ ဥပမာ ကျန်းမာရေးအခြေအနေတွေ မတော်တဆမှုတွေ စတဲ့ ငွေကုန်စရာကိစ္စတွေကြုံလာတဲ့အခါ ကိုယ်မှာကြိုတင်ငွေစုဆောင်းထားမယ်ဆိုရင် ဒီလိုအရေးပေါ်အခြေအနေတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။

(၂) အကြွေးကင်းတဲ့ဘဝမှာနေထိုင်နိုင်မယ်

Source : Loans for bad credit score

ငွေစုခြင်းက အကြွေးတင်ခြင်းကို ကန့်သတ်နိုင်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ အပေါ်မှာပြောခဲ့သလို အရေးပေါ်ငွေလိုလာတဲ့အခါ ကိုယ်မှာစုဆောင်းထားတဲ့ ပိုက်ဆံမရှိရင် မဖြစ်မနေငွေချေးခြင်း အကြွေးတင်ခြင်းတွေကို လုပ်ဆောင်ရတော့မှာဖြစ်ပါတယ်။ အကြွေးတင်မိရင် အကြွေးသံသရာကပြန်ထွက်ဖို့ခက်ခဲပါတယ်။ အကြွေးမရှိတဲ့ဘဝကသာ အလွတ်လပ်ဆုံးနဲ့ ဝန်ထပ်ဝန်ပိုးမရှိပဲ စစ်မှန်တဲ့ပျော်ရွှင်မှုကိုခံစားရစေမှာဖြစ်ပါတယ်။ ဒါကြောင့်အခုချိန်ကစပြီး စုနိုင်သလောက် စတင်ပြီးငွေစုပါ။

(၃) စိတ်လုံခြုံမှုခံစားရစေနိုင်မယ်

Source : Saving Money – LoveToKnow

လက်ထဲမှာငွေရှိရင် အားရှိတယ်ဆိုတဲ့စကားက တကယ်မှန်ပါတယ်။ ဘဝမှာ ရုတ်တရက်အလုပ်ထွက်လိုက်ရတဲ့အခြေအနေတွေ အိမ်ထောင်ပြုတဲ့အခါ ကုန်ကျမယ့် မင်္ဂလာဆောင်စရိတ်တွေ နောက်ဆုံးအပန်းပြေခရီးတစ်ခုထွက်ဖို့စဉ်းစားတဲ့အခါမှာတောင် လက်ထဲမှာစုဆောင်းထားတဲ့ငွေရှိရင် ဘာပဲလုပ်လုပ်စိတ်သွားတိုင်းကိုယ်ပါနေမှာဖြစ်ပြီး ကိုယ့်ကိုယ်ကိုစိတ်ချလုံခြုံမှုတွေနဲ့ ကောင်းတဲ့အရာဖြစ်ဖြစ် ဆိုးတဲ့အရာအဖြစ်အဖြစ်ရင်ဆိုင်ဖို့ အားအပြည့်ရှိနေမှာဖြစ်ပါတယ်။

(၄) အနာဂတ်ကိုအကောင်းဆုံးမွန်းမံနိုင်မယ်

Source : GOBankingRates

ငွေစုတယ်ဆိုတာ ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။ အချိန်တွေကြာလာလေ ကိုယ့်ရဲ့စုဆောင်ထားတဲ့ ငွေပမဏကတိုးပွားလာလေ ဖြစ်ပြီး ဘဝမှာကိုယ်ဖြစ်တဲ့အရာတွေကို အကောင်အထည်ဖော်နိုင်ဖို့ လွယ်ကူမြန်ဆန်လာမှာဖြစ်ပါတယ်။ ကိုယ့်ဘဝမှာဖြစ်တဲ့အရာတွလုပ်ချင်တဲ့အရာတွေလုပ်နိုင်ဖို့ ဘယ်သူရဲ့အကူညီကိုမှယူစရာမလိုပဲ ဖြစ်မြောက်အောင်လုပ်နိုင်မှာပါ။ ပြီးတော့ ငွေစုခြင်းကအမှီအခိုကင်းမဲ့ပြီး အသက်တွေကြီးလာတဲ့အချိန်ထိ ကိုယ်အားကိုယ်ကိုးပြီး အကောင်းမွန်ဆုံးရှင်သန်နေထိုင်သွားနိုင်မှာဖြစ်ပါတယ်။