ကျန်းမာဖျတ်လတ်စွာနဲ့ နေထိုင်နိုင်ဖို့ နေ့စဉ်အလေ့အကျင့်လေးတွေက သိပ်ကို အရေးပါပါတယ်။ တစ်ချို့ အလေ့အကျင့်လေးတွေဟာ ရိုးစင်းသလောက် ကျန်းမာရေးအတွက် တကယ်ပဲ ထိရောက်မှုရှိပါတယ်။ အခုပြောမယ့် အချက် ၄ ချက်ကလည်း နေ့စဉ်လိုက်နာသင့်တဲ့ အလေ့အထထဲမှာ ပါပါတယ်။ ဒီလေးချက်ကို လိုက်နာမယ်ဆိုရင် ကျန်းမာရေးအတွက် အစောင့်အရှောက်ကောင်းတစ်ခု ရရှိမှာ ဖြစ်ပါတယ်။

(၁) စိတ်ဖိစီးမှု ဂရုပြု

Photo: Freepik

စိတ်ထောင်းတော့ ကိုယ်ကြေဆိုတဲ့ စကားအတိုင်း စိတ်ခံစားမှုဟာ ကိုယ်ခန္ဓာပေါ် အများကြီး သက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှု မဖြစ်အောင် နေထိုင်ခြင်းကိုက ကျန်းမာအောင် နေခြင်းပါပဲ။ စိတ်ဖိစီးမှုများလာရင် ဆီးချိုသွေးချို ၊ နှလုံးကနေ သေလောက်တဲ့ ရောဂါကြီးတွေအထိ ဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှု လျော့ပါးအောင် တရားထိုင်တာမျိုး နေ့စဉ် လုပ်ဆောင်သင့်သလို စိတ်ဖိစီးအောင် လုပ်တတ်သူတွေနဲ့ ဝေးအောင်နေထိုင်တာ ၊ အိပ်ရေးဝဝ အိပ်စက်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

(၂) ကျန်းမာအောင် စား

Photo: Freepik

Diet ပြောင်းခြင်းဟာ ဝိတ်ကျရုံတင်မဟုတ်ပါဘူး။ ရေရှည် ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများပါတယ်။ အဆီများတဲ့ အစားအစာ ၊ အသင့်စားအစားအစာတွေနဲ့ လမ်းဘေး ယင်နားစာတွေ ရှောင်ရှားဖို့ လိုပါတယ်။ နေ့စဉ် စားတဲ့ အစားအစာထဲမှာ အသီးအရွက် တစ်ဝက် ၊ ပရိုတိန်း လေးချိုးတစ်ချိုးနဲ့ ကာဗွန်ဟိုက်ဒရိတ် လေးချိုးတစ်ချိုး ပါသင့်ပါတယ်။
ရေဓါတ်လုံလောက်ဖို့ သတိပြုသင့်သလို အပတ်စဉ် အစားအသောက် အစားအသောက်ရှောင်ကြဉ်တဲ့ အလေ့အထလည်း လုပ်သင့်ပါတယ်။

(၃) လေ့ကျင့်ခန်းလည်း လုပ်

Photo: Freepik

ကိုယ်လက်လှုပ်ရှားမှုဟာ ကျန်းမာကြံ့ခိုင်ဖို့အတွက် အရေးကြီးလှတဲ့ အလေ့အကျင့်တစ်ခုပါ။ အားကစားလုပ်ခြင်းဟာ ကြွက်သားတွေ အားကောင်းပြီး ကိုယ်အလေးချိန် ညီညွတ်မှန်ကန်စေသလို နှလုံးနဲ့ သွေးလည်ပတ်မှုလည်း ပိုကောင်းစေပါတယ်။ Gym သွားပြီး Workout မလုပ်နိုင်ရင်လည်း နေ့စဉ် ၁ နာရီလောက် အနည်းဆုံးအချိန်ပေးပြီး ကိုယ့်အိမ်မှာကိုယ် လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။

(၄) အကြောလျှော့

Photo: Freepik

အသက်ကြီးလာတာနဲ့အမျှ အထိုင်အထ ခက်လာပြီး ကွေးရဆန့်ရ ခက်ခဲလာတတ်ပါတယ်။ အရိုးအကြောတွေပျော့ပြောင်းပြီး ဟန်ချက်ထိန်းနိုင်ဖို့အတွက် နေ့တိုင်း အကြောလျှော့တဲ့ အလေ့အကျင့်ကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ အကြောအချဉ်ပျော့ပြောင်းဖို့အတွက် ယောဂလိုမျိုး လှုပ်ရှားမှုတွေ လုပ်သင့်သလို အေရိုးဗစ်လိုမျိုး သွေးပူလှုပ်ရှားမှုလေးတွေ နေ့စဉ် လုပ်ပေးဖို့ လိုပါတယ်။