ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) အဖြစ်ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းက ချယ်လ်ဆီးအသင်းကို (၃) ဂိုး ဂိုးမရှိရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းအနေနဲ့ မက်ဘာနီ မက်ဂိုးလ်ဒရစ် အော့စဘွန် ဘာဂါ စတီဖန် နော်ဝုဒ် ဘယ်ဒေါ့ အီဂန် ဘတ်ရှန်စတဲ့ကစားသမားကောင်းတွေကို ပွဲထွက်လူစာရင်းမှာအသုံးပြုခဲ့ပြီး ချယ်လ်ဆီးအသင်းကလည်း ပူလီဆစ် အေဘရာဟမ် ဝီလီယံ မေဆန်မောင့် ဂျော်ဂျင်ဟို ဘာကလေ အက်စပီလီကွယ်တာ ဇူးမား ခရစ္စတန်ဆန် ရီးစ်ဂျိမ်းစ် စတဲ့ကစားသမားတွေနဲ့ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard
ဒီနေ့ပွဲစဉ်မှာတော့ ချယ်လ်ဆီအသင်းရဲ့ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းမှာပါ အားနည်းမှုတွေများစွာရှိနေခဲ့ပြီး အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းကပဲ အသာစီးရခဲ့ကာ သွင်းဂိုးဆက်တိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၁၈) မိနစ်မှာ ချယ်လ်ဆီးဂိုးသမားကီပါရဲ့ လက်ထဲကနေပြန်လျှံထွက်လာတဲ့ဘောလုံးကို ရှက်ဖီးယူနိုက်တက်ကစားသမား မက်ဂိုးလ်ဒရစ်ရဲ့ လှလှပပပိတ်သွင်းယူမှုကနေ အိမ်ရှင် ရှက်ဖီးအသင်းပထမဆုံးဦးဆောင်ဂိုးရရှိခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးရရှိပြီးတဲ့နောက်မှာလည်း အိမ်ရှင်ရှက်ဖီးအသင်းကပဲ ဆက်လက်ဦးဆောင်ကစားနေခဲ့ပြီး အခွင့်အရေးတွေထပ်မံရရှိခဲ့ပါတယ်။

Source : Evening Standard
ပွဲကစားချိန် (၃၃) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ စတီဖန်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် မက်ဘာနီက အကောင်းမွန်ဆုံး ခေါင်းတိုက်သွင်းယူခဲ့တာကြောင့် အိမ်ရှင်အသွင်းအတွက် ဒုတိယမြောက်သွင်းဂိုးထပ်မံရရှိခဲ့ပြီး (၂-ဝ) ဂိုးဖြင့်ဦးဆောင်ကာ ပထမပိုင်းကိုအဆုံးသတ်ခဲ့ပါတယ်။ ပွဲစဉ်ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ချယ်လ်ဆီးအသင်းအနေနဲ့ လူစားလဲမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပြီး ချေပဂိုးတွေပြန်လည်ရရှိဖို့ ဖိအားပေးကစားခဲ့ပေမယ့် အိမ်ရှင်အသင်းရဲ့ ခံစစ်ပိုင်းကအားကောင်းနေခဲ့သလို ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်မှာလည်း လွဲချော်မှုတွေရှိနေခဲ့တာကြောင့် ဂိုးရရှိဖို့ပိုမိုခက်ခဲနေခဲ့ပါတယ်။

Source : Evening Standard
ပွဲကစားချိန် (၇၇) မိနစ်မှာတော့ အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကနေတဆင့် မက်ဂိုးလ်ဒရစ်ကပဲ ထပ်မံသွင်းယူခဲ့တာကြောင့် တတိယမြောက်ဂိုးထပ်မံရရှိသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်တွေအထိ ချယ်လ်ဆီးအသင်းအနေနဲ့ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် အိမ်ရှင်ရှက်ဖီးယူနိုက်တက်အသင်းကပဲ (၃) ဂိုးပြတ်နဲ့ အိမ်ကွင်းမှာအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
