ဇူလိုင်လ (၁၅) ရက်နေ့ ဒီနေ့မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၆) ချယ်လ်ဆီးအသင်းနဲ့ နောဝစ်ချ်စီးတီးအသင်း တို့ပွဲစဉ်မှာတော့ ချယ်လီးအသင်းက နောဝစ်ချ်စီးတီးအသင်းကို အိမ်ကွင်းစတမ်းစဖို့ဒ်ဘရစ်ချ်မှာ (၁-ဝ) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရလဒ်ကောင်းတွေလိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းကတော့ ဒီနေ့ပွဲစဉ်မှာ ပူလီဆစ် အိုလီဗီယာဂျရူး ဝီလီယံ လော့တပ်ချိဖ် ဂျော်ဂျင်ဟို ကိုဗာဆစ် အလွန်ဆို ရူဒီဂါ ဇူးမား အက်စပလီကွယ်တာ စတဲ့ကစားသမားတွေအသုံးပြုခဲ့ပြီး ဧည့်သည် နောဝစ်ချ်စီးတီးအသင်းကလည်း အသင်းရဲ့အဓိကအားထားရတဲ့ ကစားသမားအစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။

Source : Evening Standard

ချယ်လ်ဆီးအသင်းအနေနဲ့ ပြီးခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ (၃-ဝ) ဂိုးဖြင့်ရှုံးနိမ့်ခဲ့တာကြောင့် ဒီနေ့ပွဲစဉ်မှာ မဖြစ်မနေနိုင်ပွဲရဖို့လိုအပ်နေခဲ့ကာ ပွဲကစားချိန်စတင်ကတည်းက တစ်ဖက်အသင်းကို ဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ပါတယ်။ အိမ်ရှင်ချယ်လ်ဆီးအသင်း ဖိအားပေးကစားခဲ့ပေမယ့်လည်း တိုက်စစ်ပိုင်းအားနည်းချက်တွေရှိနေခဲ့တာကြောင့် ပထမပိုင်းပွဲကစားချိန်မိနစ်တွေကုန်လွန်လာခဲ့ပေမယ့် ဦးဆောင်ဂိုးစွမ်းဆောင်နိုင်ခြင်းမရှိပဲ ဂိုးကံခေနေခဲ့ပါတယ်။ နောဝစ်ချ်စီးတီးအသင်းကတော့ ခံစစ်ကိုပဲအလေးထားကစားနေခဲ့ရပြီး ပထမပိုင်းပြီးဆုံးခါနီးနာကျင်အချိန်ပိုမိနစ်အတွင်း ချယ်လ်ဆီးကစားသမား ပူလီဆစ် ရဲ့ ဖြတ်တင်ပေးပို့မှု့ကို တိုက်စစ်မှူးအိုလီဗီယာဂျရူးက အသေသပ်ဆုံးပုံစံနဲ့ ခေါင်းတိုက်သွင်းယူခဲ့ပြီး ချယ်လ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

Source : Evening Standard

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ချယ်လ်ဆီးအသင်းကပဲ ဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး ဦးဆောင်ဂိုးထပ်မံရရှိဖို့ အပြင်းအထန်ကြိုးစားလာခဲ့ပါတယ်။ ဧည့်သည် နောဝစ်ချ်စီးတီးအသင်းကလည်း တန်ပြန်တိုက်စစ်ဆင်လာခဲ့ပေမယ့် ထိထိရောက်ရောက်မရှိခဲ့တာကြောင့် ချယ်လ်ဆီးနောက်တန်းအတွက်တော့ အလုပ်ရှုပ်ခဲ့ရတာမျိုးတွေမရှိပဲ သာသာယာယာကစားနိုင်ခဲ့တယ်လို့ဆိုရပါမယ်။ လက်ကျန်မိနစ်တွေအထိ နှစ်သင်းစလုံး သွင်းဂိုးတွေထပ်မံရရှိခြင်းမရှိတော့ပဲ အိမ်ရှင်ချယ်လ်ဆီးအသင်းကပဲ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိကာ အဆင့် (၃) နေရာကို ဆက်လက်ထိန်းထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်လည်း ပိုမိုနီးစပ်လာခဲ့ပြီပဲဖြစ်ပါတယ်။

Source : Evening Standard