ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးအတွင်းမှာ လူအများစုဟာ အလုပ်အကိုင် ဆုံးရှုံးမှုတွေ ကြုံခဲ့ပြီး စိုးရိမ်ပူပန်မှုနဲ့ မရေရာတဲ့ ဘဝနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ COVID-19 ဟာ လူတွေရဲ့ ဘဝပုံစံကို ပြောင်းလဲပစ်လိုက်တယ်လို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ ကိုယ့်ရဲ့ နေမှုပုံစံနဲ့ ဘဝလမ်းကြောင်းတွေလည်း ပြောင်းလဲမှသာ ပြောင်းလဲနေတဲ့ ခေတ်ကြီးနဲ့ လိုက်လျောညီထွေ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ဘဝကို အသစ်ပြန်စဖို့ နဲ့ပိုကောင်းတဲ့ ဘဝပုံစံသစ်တစ်ခုဆီ ဦးတည်ဖို့ဆိုရင် ဒီအချက်လေးတွေ လုပ်ပေးဖို့တော့ လိုမှာပါ။
(၁) သင့်ရဲ့ ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပါ

Photo: Freepik
သင့်ကိုယ်သင် ပြောင်းလဲတော့မယ်ဆိုရင် အရင်ဆုံး ကိုယ်က ဘယ်လိုလူလဲဆိုတာ အလေးအနက် ပြန်သုံးသပ်ဖို့ လိုပါလိမ့်မယ်။ ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘဝ ၊ တက်ခဲ့တဲ့ ကျောင်းကနေ လုပ်ခဲ့တဲ့ အလုပ်အထိ ပြန်ကြည့်လိုက်ပါ။ ငါဟာ နေရာမှန်မှာ တကယ် ရောက်ခဲ့သလား။ ငါ့ရဲ့အစွမ်းအစ နဲ့ သူမတူတဲ့ ပင်ကိုယ်စွမ်းရည်ကို ငါအသုံးချခဲ့ပြီလားဆိုတာ အချိန်ပေးပြီး ပြန်စဉ်းစားလိုက်ပါ။
များသောအားဖြင့် ကျွန်တော်တို့ဟာ ဘဝမှာ ရေလိုက်ငါးလိုက် ရောယိမ်းလိုက်ကြရင်းနဲ့ ဦးတည်ချက်တွေ ပျောက်ပြီး ရောက်ချင်ရာ ရောက်ခဲ့ကြတာ များပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်က ကိုယ်နဲ့ အံမဝင်ခဲ့ဘူး / အလုပ်ရ ပြီးရော ဝင်ခဲ့တာမျိုး ဖြစ်ခဲ့ရင် အခုချိန်မှာ ကိုယ့်ဘဝအတွက် ကိုယ်တိုင် ရွေးချယ်ရမယ့် လမ်းနဲ့ ရှေ့ဆက်သင့်ပြီ ဖြစ်ပါတယ်။
(၂) ပြန်တည်ဆောက်ပါ

Photo: Freepik
ကိုယ့်ကိုယ်ကိုယ် ပြုပြင်မှုလုပ်တော့မယ်လို့ သေချာဆုံးဖြတ်ပြီးရင် နောက်မလှည့်စတမ်း ကြိုးစားသွားဖို့ လိုပါတယ်။ ကုန်ခဲ့တဲ့ အချိန်တွေအတွက် နှစ်ဆတိုးပြီး ဝီရိယနဲ့ အာရုံစိုက်မှု လိုပါတယ်။ စိတ်ရှည်လက်ရှည်နဲ့ ကိုယ်သွားချင်တဲ့နေရာကို ရောက်အောင် သွားဖို့ လိုပါတယ်။ ကိုယ်လိုချင်တဲ့ ရလဒ်ရဖို့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေကို အပြောင်းအလဲ လုပ်သင့်ရင်လည်း လုပ်ရမှာပါ။
(၃) အကူအညီယူပါ

Photo: Freepik
ကိုယ်တစ်ယောက်တည်း ကြိတ်ပြီး ကြိုးစားတာထက် ကိုယ်ဖြစ်ချင်တဲ့ နေရာကို ပိုပြီး အမြန်ရောက်နိုင်တဲ့ နည်းလမ်းတစ်ခုက Mentor လို့ခေါ်တဲ့ လမ်းပြသူတွေရဲ့ အကူအညီ ယူတာပဲ ဖြစ်ပါတယ်။ Mentor ဆိုတာ သင်သွားမယ့် နယ်ပယ်ထဲက သင်လေးစားရတဲ့ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ချင်ဖြစ်မယ် ၊ သူငယ်ချင်း ဆရာသမားလည်း ဖြစ်ချင် ဖြစ်မယ်။ စာအုပ်စာပေကနေလည်း ဖြစ်နိုင်ပါတယ်။
(၄) ယုံကြည်ချက်ထားပါ

Photo: Freepik
လက်မလျှော့စတမ်း ကြိုးစားနေရင် အောင်မြင်လိမ့်မယ်လို့ ခံယူထားပါ။ နေ့တိုင်းမှာ ပြင်းပြတဲ့ ဆန္ဒကို ဦးစီးပြီး ထက်ထက်သန်သန် ကြိုးစားနေရင် တစ်နေ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဘဝကို မလွဲမသေ ရောက်လာမှာ ဖြစ်ပါတယ်။ အရေးကြီးတာက ကိုယ့်ရဲ့ တကယ့်ပင်ကိုယ်အစွမ်းအစကို ဖွံ့ဖြိုးအောင် လုပ်ရင်းနဲ့ ကိုယ်လိုချင်တဲ့ ဘဝအခြေအနေကို ရောက်မယ်ဆိုတာ ခိုင်ခိုင်မာမာ ယုံကြည်နေဖို့ပါပဲ။
