ဒီနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ် (၃၇) ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ရီးရဲလ်မက်ဒရစ်အသင်းက ဗီလာရီးရဲလ်အသင်းကို (၂-၁) ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ပြီး တစ်ချိန်တည်းမှာပဲ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အိုဆာဆူနာအသင်းတို့ပွဲစဉ်မှာတော့ အိမ်ရှင်ဘာစီလိုနာအသင်းက (၂-၁) ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လက်ကျန် ၁ ပွဲအလို ရာသီမပြီးဆုံးခင်မှာတင် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီရဲ့ လာလီဂါချန်ပီယံဆုကို ရီးရဲလ်မက်ဒရစ်အသင်းက ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard
နိုင်ပွဲတွေဆက်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာလည်း ရိုဒရီဂို မန်ဒီ ကတ်စ်မဲလ်ရိုး မိုဒရစ် ဘန်ဇီမာ ကရူးစ် ဟာဇက် ဗာရန်း ရာမိုစ့် ကာဗာဟယ် စတဲ့ကစားသမားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပြီး ပြိုင်ဘက်အသင်းဖြစ်တဲ့ ဗီလာရီးရဲလ်အသင်းကလည်း ဂိုးမက် ချီကလာ ပန်နာ အန်ဒရီဖရန့် ကွန်တီလာ မော်လန်းစ် ချူကွီဇီ မော်ရီနို ပါအူတောရက်စ် ဂတ်စ်ပါ စတဲ့သမားကောင်းတွေနဲ့ အိမ်ရှင်ချန်ပီယံအသင်းကိုရင်ဆိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန် စတင်တာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ဧည့်သည့်ဗီလာရီးရဲလ်အသင်းကို ဖိအားပေးထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပါတယ်။

Source : Evening Standard
ပွဲကစားချိန် (၂၉) မိနစ်မှာတော့ အိမ်ရှင်အသင်းဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး အဆိုပါဦးဆောင်ဂိုးကိုတော့ တိုက်စစ်မှူး ဘန်ဇီမာက သွင်းယူပေးခဲ့ကာ ပထမပိုင်းကို (၁-ဝ) ဂိုးဖြင့်ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်း ကပဲ ဦးဆောင်နေခဲ့ပြီး ပွဲချိန်မိနစ် (၇၀) မှာတော့ ရရှိလာတဲ့ ပင်နယ်တီပြစ်ဒဏ်ကနေတဆင့် ဘန်ဇီမာကထပ်မံသွင်းယူကာ ဒုတိယမြောက်ဂိုးရရှိသွားခဲ့ပြန်ပါတယ်။ ပွဲကစားချိန် (၈၄) မိနစ်မှာတော့ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဗီလာရီးရဲလ်ကစားသမား အီဘိုယာက ဂိုးပေါက်ထောင့်ကို လှလှပပခေါင်းတိုက်သွင်းယူပြီး ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

Source : Evening Standard
လက်ကျန်မိနစ်တွေမှာ ဗီလာရီးရဲလ်အသင်းအနေနဲ့ အခွင့်အရေးကောင်းတွေရခဲ့ပေမယ့် ဂိုးကံခေနေတာကြောင့် ချေပဂိုးထပ်မံသွင်းယူနိုင်ခြင်းမရှိတော့ပဲ ရီးရဲလ်မက်ဒရစ်အသင်းကို (၂-၁) ဂိုးရလဒ်ဖြင့်ရှုံးနိမ့်သွားခဲ့ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ရမှတ် (၈၆) မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာရပ်တည်နိုင်ခဲ့ပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရပ်တည်နေတဲ့ ပြိုင်ဘက်ဘာစီလိုနာအသင်းကို (၇) မှတ်အသာနဲ့ (၃၄) ကြိမ်မြောက်လာလီဂါချန်ပီယံဆုကြီးကို ထိုက်ထိုက်တန်တန်ဆွတ်ခူးရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard
