မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုရာသီကုန်မှာ ပေါ့ဂ်ဘာနဲ့ စာချုပ်သက်တမ်းတိုးနိုင်ခဲ့ပြီလို့ ကြေညာဖို့ မျှော်မှန်းထားပြီး ပြင်သစ်လက်ရွေးစင်ကြယ်ပွင့်ဟာ ၅ နှစ်စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီဖို့ နီးစပ်နေတယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
ပေါ့ဂ်ဘာဟာ ၂၀၁၆ ခုနှစ်မှာ ဂျူဗင်တပ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့ပြီးနောက် ချုပ်ဆိုခဲ့တဲ့ ၅ နှစ်စာချုပ်ဟာ ၁ နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး စာချုပ်ပါအချက်အရ ယူနိုက်တက်ဟာ လာမယ့်ဇန်နဝါရီလမှာ ၁ နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။
ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့လာပြီးကတည်းက အသင်းကနေထွက်ခွာဖို့ ၂ ကြိမ်အထိ တောင်းဆိုခဲ့သူဖြစ်ပြီး နည်းပြဟောင်းမော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ်မှာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

Photo: Metro
အိုလေဂန်နာဆိုးလ်ရှား နည်းပြသစ်အဖြစ် ရောက်ရှိလာမှုက ပေါ့ဂ်ဘာကို မန်ချက်စတာယူနိုက်တက်အသင်းက ထိန်းသိမ်းနိုင်မယ့်အခွင့်အရေး ပိုမိုများပြားလာစေခဲ့ပေမယ့် ပြင်သစ်ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ ထွက်ခွာချင်နေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာ့ကပ်ဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုက ကမ္ဘာတလွှားက အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ်မှာ အကျိုးသက်ရောက်မှုရှိခဲ့တာကြောင့် ကလပ်အသင်းအနည်းငယ်ကသာ ပေါ့ဂ်ဘာအတွက် ယူနိုက်တက်တောင်းဆိုထားတဲ့ ပေါင်သန်း ၁၀၀ နဲ့ ပေါ့ဂ်ဘာလိုချင်တဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၅၀၀၀၀ ကို ပေးချေနိုင်တဲ့အခြေအနေရှိနေတာဖြစ်ပါတယ်။

Source : The Versed
The Sun ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာ ကောင်းမွန်တဲ့ဦးတည်ချက်အတိုင်း သွားနေတဲ့ အသင်းမှာရှိနေရတာကို အရင်ကထက် ပိုပြီးပျော်ရွှင်နေတာကြောင့် အသင်းနဲ့စာချုပ်ကိစ္စ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီဖြစ်ပြီး ယူနိုက်တက်က ယခုရာသီကုန်မှာ ကွင်းလယ်ကြယ်ပွင့်ကို ၅ နှစ်စာချုပ်ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်း ကြေညာနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိနေကြောင်း သိရပါတယ်။
