ချယ်ဆီးဒါရိုက်တာဟောင်း မိုက်ကယ်အီမီနာလိုက ၂၀၁၄ ခုနှစ်မှာ ကီဗင်ဒီဘရိုင်းအသင်းကနေ ထွက်ခွာမှုက မကြာသေးမီ အကယ်ဒမီပါရမီရှင်တွေအပေါ် အာရုံစိုက်လာခဲ့တဲ့ နောက်ကွယ်က အဓိကအကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒီဘရိုင်းဟာ ၂၀၁၂ ခုနှစ်မှာ ဂျန့်ခ်အသင်းကနေ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပေမယ့် ပထမဆုံး ၆ လမှာ ကံဆိုးမိုးမှောင်ကျခဲ့ပြီးနောက် အငှားချခံခဲ့ရပြီး ၂၀၁၄ ခုနှစ်မှာ ဝုဖ်ဘတ်အသင်းကို အပြီးရောင်းထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

Photo: 90Mins

ဒီဘရိုင်းဟာ ဝုဖ်ဘတ်အသင်းကို ပြောင်းရွှေ့ခဲ့ချိန်ကတည်းက ၎င်းဟာ ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးသမားတွေထဲကတစ်ဦးဖြစ်ကြောင်း ဖော်ပြနိုင်ခဲ့တာဖြစ်ပြီး ဒီဘရိုင်းနဲ့နည်းတူ ချယ်ဆီးအသင်းက လူကာကူနဲ့ မိုဟာမက်ဆာလာတို့ကိုလည်း ၂၀၁၄ နဲ့ ၂၀၁၆ ခုနှစ်တို့မှာ အသီးသီး လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ယင်းဖြစ်ရပ်တွေကို သင်ခန်းစာယူခဲ့ပုံပေါ်ပြီး လက်ရှိအချိန်မှာတော့ ၎င်းတို့ရဲ့ အကောင်းဆုံးလူငယ်ကြယ်ပွင့်တွေကို တောက်ပဖို့အတွက် အခွင့်အရေးတွေ ပေးအပ်နေတာဖြစ်ပါတယ်။ချယ်ဆီးဒါရိုက်တာဟောင်းဖြစ်တဲ့ အီမီနာလိုက ချယ်ဆီးအသင်းဟာ ဒီဘရိုင်းအပေါ်မှာ အမှန်တကယ် သေးငယ်တဲ့ယုံကြည်မှုသာ ပေးခဲ့ပြီး ကစားသမားတစ်ဦးထက် အကျိုးအမြတ်ရနိုင်တဲ့ ရောင်းကုန်တစ်ခုအဖြစ်သာ မြင်ခဲ့ကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။

“အားလုံးက ပြောခဲ့ကြတယ်။ အကယ်ဒမီကလာတဲ့သူ ဘယ်သူမှမရှိဘူးတဲ့။ ဒါပေမယ့် အသက် ၇ နှစ်အရွယ်မှာ အကယ်ဒမီကို ရောက်လာတဲ့ကလေးတစ်ယောက်က အဲဒီအချိန် အသက် ၁၉ နှစ်အရွယ်ရှိတဲ့ ဖရန့်လမ်းပတ်ကို စိန်ခေါ်ဖို့အတွက် အဆင်သင့်ဖြစ်မှာမဟုတ်ပါဘူး။အဲဒါက အသက် ၁၉ နှစ်နဲ့ ၂၂ နှစ်ကြားက နေရာကို ကျွန်တော်တို့ ကြည့်ဖို့ အဓိကသော့ချက်ဖြစ်လာခဲ့ပြီး သူ့ကို ချယ်ဆီးကစားသမားဖြစ်လာဖို့ ကြိုတင်ပြင်ဆင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီဘရိုင်းကိုလည်း အဲဒီလို လုပ်ခဲ့ပါတယ်”

“သူက အသက် ၁၈ နှစ်အရွယ်ပဲရှိသေးတယ်။ အရမ်းကို ထူးခြားတဲ့ပါရမီရှင်ပါ။ ဒါပေမယ့် ပထမဆုံးအကြိမ် ဒီဘရိုင်းက နောက်ပိုင်းကျရင် လမ်းပတ်ရဲ့နေရာမှာ အစားထိုးနိုင်လိမ့်မယ်လို့ ပြောခဲ့တုန်းက အားလုံးက ခွက်ထိုးခွက်လန်ရယ်ခဲ့ကြပါတယ်။ လူကာကူကလည်း အတူတူပါပဲ။ သူက အသက် ၁၈ နှစ်အရွယ်ပဲရှိသေးပြီး ခင်ဗျား သူ့အသက်ကို နောက်ထပ် ၅ နှစ်ထပ်ပေါင်းရမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်”

Photo: Daily Mail

“ကျွန်တော့်ရဲ့ကင်းထောက်တွေက ဘယ်လ်ဂျီယံမှာ တစ်ခုခုတော့ ဖြစ်လာတော့မယ်လို့ သတ်မှတ်ခဲ့ကြတယ်။ အီဒင်ဟာဇက်၊ ဒီဘရိုင်း၊ လူကာကူ၊ ချက်ဒ်လီ၊ ဗာတွန်ဂန်၊ ကော်တိုရစ်။ နည်းပြက ကျွန်တော့်ကို ကြည့်ပြီး ပြောခဲ့တယ်။ ‘ဘယ်လ်ဂျီယံက ဘယ်အချိန်ကျရင် ဘရာဇီးလ်လို ဖြစ်လာမှာလဲ။ ဒီ ကီဗင်ဒီဘရိုင်းဆိုတာကရော ဘယ်သူလဲ’တဲ့။ ကျွန်တော်က ‘ကျွန်တော် ပတ်စ်ပို့ကို မကြည့်မိဘူး။ ကျွန်တော် ကစားသမားကိုပဲ ကြည့်တယ်။ ပြီးတော့ ဒီကစားသမားက ပေးပို့မှု မလွဲချော်ဘူး။ သူက စူပါစတားဖြစ်လာမလားဆိုတာ ကျွန်တော် မသိဘူး။ ဒါပေမယ့် တစ်ခုခုတော့ ရှိနေတယ်”

“ဒီဘရိုင်း၊ ဆာလာ၊ လူကာကူထွက်ခွာတာကို ကြည့်နေရတာက ပိုင်ရှင်အတွက် ပိုပြီးနာကျင်စရာဖြစ်ခဲ့မှာပါ။ သူ ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဆွေးနွေးခဲ့သမျှအရာအားလုံးက မှန်တယ်ဆိုတာ သူ မြင်သွားခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။