အားကစားနဲ့ လှုပ်လှုပ်ရှားရှား နေခြင်းဟာ တက်ကြွတဲ့ လူနေမှုဘဝကို မောင်းနှင်နေတဲ့ အရာတွေ ဖြစ်ပါတယ်။ တစ်ချို့တွေက Active Lifestyle ဖြစ်ဖို့ Gym သွားပြီး အားကစားလုပ်ကြပါတယ်။ တကယ်တော့ အားကစားလုပ်တယ်ဆိုတာ Weight မ မှ ၊ Gym ရဲ့ မှန်ချပ်တွေ ရှေ့မှာ Dumbbell ကစားနေမှ မဟုတ်ပါဘူး။
လူတစ်ယောက်ကို ကျန်းမာသွက်လက်စေဖို့ အထောက်အကူပြုတဲ့ ကျန်းမာရေးလေ့ကျင့်ခန်းတွေက ပစ္စည်းကိရိယာလည်း မလိုသလို သိပ်လည်း ကိရိကထခံစရာ မလိုပါဘူး။ အခုပြောမယ့် လေ့ကျင့်ခန်းတွေက နေ့တိုင်းကစားပေးလို့လည်း ကောင်းသလို ကျန်းမာရေးအတွက်လည်း အကျိုးများပါတယ်။
(၁) Cardio အားကစား

Photo: Freepik
ကြွက်သားတွေ ကျစ်လျစ်တောင့်တင်းဖို့ ၊ ကယ်လိုရီလောင်ကျွမ်းဖို့နဲ့ နေလို့ထိုင်လို့ ပေါ့ပါးစေဖို့ ကစားသင့်ဆုံး လေ့ကျင့်ခန်းတစ်မျိုးက Cardio လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ဥပမာ- ကြိုးခုန်တာ ၊ နေရာမရွေ့တမ်း ခပ်ရွရွပြေးတာ ၊ Squat ကစားတာတို့ ဖြစ်ပါတယ်။ ကြမ်းပြင်ပေါ် လက်ထောက်ပြီး ခြေထောက်တွေကို ရှေ့/နောက် ကစားပေးတဲ့ Mountain Climbers မျိုးလည်း ကစားပေးနိုင်ပါတယ်။
(၂) ဒိုက်ထိုးခြင်း

Photo: Freepik
ဒိုက်ထိုးခြင်းကလည်း လုပ်ဖို့ လွယ်ကူပြီး ပစ္စည်းကိရိယာသုံးစရာလည်း မလိုတဲ့ Workout ထဲမှာ ပါပါတယ်။ သူကတော့ ရင်အုံနဲ့ လက်မောင်းသားကြွက်သားတွေ အားကောင်းဖို့နဲ့ Body Posture မှန်ကန်စေဖို့အတွက် အဓိက ဖြစ်ပါတယ်။ နေ့တိုင်း ဒိုက်ထိုးကစားရင် ၂လ ၃ လနဲ့ သိသိသာသာ ပုံစံပြောင်းလာမှာပါ။
(၃) လမ်းလျှောက်ခြင်း

Photo: Freepik
အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေချင်တယ်ဆိုရင် လမ်းပုံမှန်လျှောက်ဖို့ အကြံပြုချင်ပါတယ်။ လမ်းလျှောက်တာလောက် ကုန်ကျစရိတ် သက်သာတဲ့ လေ့ကျင့်ခန်း ရှိမှာ မဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအနေနဲ့ လမ်းလျှောက်သူတစ်ယောက်ဟာ အစာလည်းကြေ ၊ စိတ်လည်း ကြည်လင်ပြီး အတွေးအမြင်သစ်တွေပါ ပိုရလာနိုင်စေပါတယ်။
(၄) ကခုန်ခြင်း

Photo: Freepik
သံစဉ်တွေနဲ့အတူ စည်းချက်ကျကျ လှုပ်ရှားက ခုန်ခြင်းဟာ လူကို ချက်ချင်းဆိုသလို လွတ်လပ်ပေါ့ပါးသွားအောင် ကူညီပေးနိုင်ပါတယ်။ သီချင်းလေး ဖွင့်ပြီး ၁၅ မိနစ်လောက် ကခုန်လိုက်တာနဲ့ စိတ်ဟာ ဂီတနဲ့အတူ လွင့်မြောရင်း ရွှင်မြူးကြည်နူးလာပါလိမ့်မယ်။ ချွေးထွက်အောင် ကစားလိုက်ရလို့ လူလည်း သိသိသာသာ ပေါ့သွားပါလိမ့်မယ်။
