မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကြယ်ပွင့်ပေါ့ဂ်ဘာဟာ အသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲကို ရောက်ရှိနေသူဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ပေါ့ဂ်ဘာကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ရှိနေတာဖြစ်ပါတယ်။

ယခုရာသီအစမှာ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဒုတိယအကြိမ်မြောက် စွန့်ခွာဖို့ ဆုံးဖြတ်ထားပုံပေါ်ခဲ့ပြီး ပေါ့ဂ်ဘာကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တဲ့အထဲမှာ ရီးရဲမက်ဒရစ်အသင်းက ထိပ်ဆုံးကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ဆိုးကြောင့် ရာသီရပ်နားခဲ့ရပြီးနောက်ပိုင်း ပေါ့ဂ်ဘာဟာ ကြံ့ခိုင်မှုအပြည့်နဲ့ ပြန်လာနိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ ရှုံးပွဲမရှိစံချိန်ရှေ့ဆက်နိုင်ဖို့ ကွင်းလယ်မှာ ကောင်းမွန်တဲ့ခြေစွမ်းပြသပေးနေခဲ့တာဖြစ်ပါတယ်။

Photo: entertainmentoverdose

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်ရှိအချိန်မှာ လာမယ့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရရှိနေပြီဖြစ်ပေမယ့် ပေါ့ဂ်ဘာရဲ့အနာဂတ်ဟာ ပြဿနာအဖြစ်ရှိနေဆဲဖြစ်ပြီး Mail ရဲ့ ဖော်ပြချက်အရ ပေါ့ဂ်ဘာရဲ့ကိစ္စဟာ ယူနိုက်တက်ရဲ့အပြောင်းအရွှေ့အစီအစဉ်အပေါ် သက်ရောက်မှုရှိနေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်က ပေါ့ဂ်ဘာ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်နေတာဖြစ်ပြီး ၎င်းရဲ့ဆုံးဖြတ်ချက်က ယခုလာမယ့်နွေရာသီမှာ ယူနိုက်တက် ခေါ်ယူမယ့်ပစ်မှတ်တွေအတွက် သွယ်ဝိုက်ပြီးအကျိုးသက်ရောက်စေလိမ့်မယ်လို့ သတင်းတွေက ဖော်ပြခဲ့တာဖြစ်ပါတယ်။

Source : AS English

တကယ်လို့ ပေါ့ဂ်ဘာသာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်ဟာ အက်စ်တွန်ဗီလာကြယ်ပွင့် ဂျက်ဂရီးလစ်ရှ် သို့မဟုတ် နောက်ထပ်ကွင်းလယ်ဖန်တီးရှင်တစ်ဦးကို ခေါ်ယူဖို့ ကြိုးပမ်းမှာဖြစ်ပြီး ဒေါ့မွန်အသင်းက ပြောင်းရွှေ့ကြေးပေါင် ၁၁၅ သန်းသတ်မှတ်ထားတဲ့ ဆန်ချိုကို ခေါ်ယူနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ ယူဆရပါတယ်။