ဇူလိုင်လ (၂၆) ရက်နေ့ညက ပရီးမီးယားလိဂ်ပွဲစဉ် (၃၈) နောက်ဆုံးပွဲစဉ်အဖြစ် ကင်းပါဝါကွင်းမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အိမ်ရှင်လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး ယူနိုက်တက်အသင်းက အိမ်ရှင်အသင်းကို (၂ – ဝ) ဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါပွဲစဉ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးကြီးတဲ့ ပွဲတစ်ပွဲဖြစ်တာကြောင့် နှစ်သင်းစလုံးအကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ယူနိုက်တက်က ဒုတိယပိုင်းနောက်ကျ သွင်းဂိုးတွေနဲ့ အိမ်ရှင်အသင်းကိုအနိုင်ရရှိခဲ့ကာ အဆင့် (၃) နေရာကိုရယူပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တာဖြစ်ပါတယ်။

Source : Getty Images

ယနေ့ပွဲစဉ်မှာ အနိုင်ရလဒ်သေချာပေါက်လိုအပ်နေတဲ့ အိမ်ရှင်လက်စတာအသင်းက ပွဲစဉ်စတင်ချိန်ကတည်းက ယူနိုက်တက်အသင်းကို ဖိအားပေးကစားခဲ့ပါတယ်။ ပွဲစဉ်ပထမပိုင်းမှာ အိမ်ရှင်လက်စတာအသင်းရဲ့ တိုက်စစ်ဆင်ကစားပုံဟာ အတော်လေးကောင်းမွန်ခဲ့ပေမယ့် ယူနိုက်တက်ခံစစ်က အကောင်းဆုံး ဟန့်တားကာကွယ်ပေးနိုင်ခဲ့သလို ရရှိလာတဲ့အခွင့်အရေးတွေကိုလည်း ကောင်းကောင်းသုံးချခွင့်မရခဲ့တာကြောင့် အိမ်ရှင်အသင်းဦးဆောင်ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။ ယူနိုက်တက် အသင်းအနေနဲ့လည်း တန်ပြန်တိုက်စစ်ကနေ တဆင့်ထိုးဖောက်လာခဲ့ပေမယ့် လက်စတာအသင်းရဲ့ ခပ်ကြမ်းကြမ်းဖြတ်ထုတ်မှုတွေကြောင့် ဂိုးမရှိခဲ့ပဲ ပထမပိုင်းကို နှစ်သင်းစလုံးဂိုးမရှိသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။

Source : AFP

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ သွင်းဂိုးတွေရရှိဖို့ ဖိအားဝင်နေတဲ့ အိမ်ရှင်အသင်းအနေနဲ့ တိုက်စစ်ကိုပိုမိုမြှင့်တင်ကစားခဲ့ပေမယ့် ယူနိုက်တက်အသင်းရဲ့ ခံစစ်က ဆက်လက်ကာကွယ်ထားပြီး တန်ပြန်တိုက်စစ်နဲ့ ထိုးဖောက်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပွဲကစားချိန် (၆၈) မိနစ်မှာတော့ ဂိုးဧရိယာအတွင်း ဘောလုံးဆွဲပြေးလာတဲ့ မာစီယဲလ်ကို လက်စတာနောက်ခံကစားသမားတွေဖြစ်တဲ့ မော်ဂန်နဲ့ အီဗန်စ်တို့နှစ်ဦးမှ ဖျက်ထုတ်ပုံကြမ်းခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီ ပြစ်ဒဏ်ဘောကို ပွဲချိန် (၇၁)မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုးစတင်ရရှိစေခဲ့ပါတယ်။

Source : Evening Standard

အဆိုပါပင်နယ်တီပြစ်ဒဏ်ဘောကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ ပင်နယ်တီပြစ်ဒဏ်ဘော (၁၄) ကြိမ်အထိ ကန်သွင်းခွင့်ရသွားခဲ့တာဖြစ်ပြီး (၁၃)ကြိမ်စီ အများဆုံးစံချိန်တင်ထားတဲ့ ပဲလေ့စ်နဲ့ လက်စတာအသင်းတို့ကိုကျော်ဖြတ်ပြီး စံချိန်သစ်တင်သွားခဲ့တာဖြစ်ပါတယ်။ လက်စတာအသင်းကတော့ ဦးဆောင်ဂိုးပေးရပြီးနောက်မှာ ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး တိုက်စစ်ကိုပိုမိုအားထည့်ခဲ့ပေမယ့် အမှားတွေလည်းပိုမိုများလာခဲ့တာကြောင့် ပွဲပြီးခါနီးနောက်ဆုံးမိနစ်တွေအထိ ချေပဂိုးပြန်လည်သွင်းယူနိုင်ခြင်းမရှိခဲ့ပါဘူး။ ပွဲကစားချိန် (၉၈) မိနစ်မှာတော့ လက်စတာဂိုးသမားရဲ့ အမှားကနေတဆင့် လင်ဂတ်က အခွင့်အရေးကိုအသုံးချကာ ဒုတိယမြောက်သွင်းဂိုး သွင်းယူခဲ့ပြီး (၂-ဝ) ဂိုးရလဒ်ဖြင့် အမှတ်ပေးဇယားရဲ့ တတိယနေရာကို ရယူကာ ချန်ပီယံလိဂ်ဝင်ခွင့်ကို အောင်မြင်စွာ ရရှိသွားခဲ့တာဖြစ်ပါတယ်။