ချယ်လ်ဆီးအိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ရာသီပိတ်ပွဲစဉ်တွေထဲကတစ်ပွဲဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဝုလ်ဗ်အသင်းတို့ ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက ဝုလ်ဗ်အသင်းကို (၂) ဂိုးမရှိရလဒ်ဖြင့်အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၄) နေရာကနေ ချန်ပီယံလိဂ်ဝင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်ရဲ့ အစောပိုင်းအချိန်တွေမှာတော့ ချယ်လ်ဆီးကစားပုံကထင်သလောက် အားရစရာမရှိခဲ့ပဲ ဝုလ်ဗ်အသင်းကပဲ ဦးဆောင်တိုက်စစ်ဆင်ကစားခဲ့ပြီး ချဲလ်ဆီးအသင်းနောက်တန်းကို တောက်လျှောက် ဖိအားပေးကစားခဲ့ပါတယ်။

Source : Detik Sport
ပွဲကစားချိန်ကြာမြင့်လာတာနဲ့ အမျှ ချယ်လ်ဆီးအသင်းအနေနဲ့ ကစားပုံပြန်လည်တည်ငြိမ်လာခဲ့ပြီး ပြိုင်ဘက်ဝုလ်ဗ်အသင်းကို ပြန်လည်တိုက်စစ်ဆင်ကစား နိုင်ခဲ့ပါတယ်။ ပထမပိုင်းပွဲကစားချိန်ပြီးခါနီး အချိန်ပိုမိနစ်တွေမှာတော့ ချယ်လ်ဆီးအသင်းအတွက် အပြောင်းအလဲဖြစ်လာခဲ့ပြီး တိုက်စစ်ကစားသမား မေဆန်မောင့်ရဲ့ ဂိုးဧရိယာစပ်နားကနေ ကန်သွင်းခဲ့တဲ့ ဖရီးကစ်ကန်ချက်ဟာ ကောင်းမွန်လှပခဲ့တာကြောင့် ပွဲချိန် (၄၆) မိနစ်မှာပဲ ချယ်လ်ဆီးတို့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးရရှိပြီး မကြာခင်ပွဲကစားချိန် (၄၉) မှာတော့ မေဆန်မောင့်ရဲ့ ဖန်တီးပေးပို့မှုကနေတဆင့် ဂျရူးက ဝုလ်ဗ်ဂိုးသမားနဲ့ နောက်တန်းကစားသမားတွေကို ခက်ခက်ခဲခဲကျော်ဖြတ်ပြီး ဒုတိယဂိုးထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။

Source : Getty Images
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ ဦးဆောင်ဂိုးတွေနဲ့ အသာစီးရထားတဲ့ ချယ်လ်ဆီးအသင်းကပဲ ဆက်လက်ဦးဆောင်ပြီး ပွဲကိုထိန်းကစားသွားခဲ့ပါတယ်။ ချေပဂိုးရရှိဖို့ ဖိအားဝင်နေတဲ့ ဝုလ်ဗ်အသင်းကတော့ ကစားသမားအပြောင်းအလဲတွေပြုလုပ်ခဲ့ပြီး တိုက်စစ်မြှင့်ကစားခဲ့ကာ အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ သို့သော် ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ကိုအတောင့်အတင်းဆုံးပုံစံဖြင့်ရှိနေခဲ့တာကြောင့် ချေပဂိုးရရှိဖို့ ခက်ခဲနေပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေကုန်လွန်လာတာနဲ့ အမျှ ချယ်လ်ဆီးအသင်းကပဲ ကောင်းမွန်တဲ့တန်ပြန်တိုက်စစ်တွေနဲ့ ပွဲကိုဆက်လက်ထိန်းထားနိုင်ခဲ့တာကြောင့် ပွဲပြီးရလဒ်အနေနဲ့ (၂-ဝ) ဂိုးရလဒ် ဖြင့်အနိုင်ရရှိပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရည်မှန်းချက် ပြည့်ဝသွားခဲ့တာဖြစ်ပါတယ်။

Source : Evening Standard
