ခန္ဓာကိုယ်ကျန်းမာနေစေဖို့လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေ သင်အလုံအလောက်ရရှိပါသလား? ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ ဗီတာမင်ဓါတ်ကဘာတွေလဲဆိုတာရော သိပါသလား။ ကျန်းမာတဲ့အစားအစာတွေကတဆင့် လိုအပ်တဲ့ ဗီတာမင်ဓါတ်တွေအကြောင်း သင်မသိသေးဘူး ဆိုရင်အောက်မှာဖတ်ကြည့်လိုက်ပါဦး။
(၁) Vitamin B12

ဗီတာမင် B 12 ဟာ သင့်ရဲ့ အာရုံကြောနဲ့သွေးဆဲလ်များကိုကျန်းမာစေပြီး ခန္ဓာကိုယ်စွမ်းအင်ထုတ်လုပ်မှုနဲ့ ဒီအန်အေအတွက် ကူညီထောက်ပံ့ပေးပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အစာအိမ်မှာ အက်ဆစ်ဓါတ်နည်းလာတဲ့အတွက် ပရိုတင်းဓါတ်ကိုဖြိုခွဲဖို့အတွက်ကို B12 က ကူညီပေးပါတယ်။
ဗီတာမင် B12 ရရှိနိုင်တဲ့အစားအစာများ- တူနာငါး၊ ဆယ်လမွန်၊ ခရု၊ ကြက်သား၊ ဥ၊ နို့၊ ဒိန်ချဉ်၊ ပဲနို့
(၂) ဖောလစ်အက်ဆစ်

ဖောလစ်အက်ဆစ်ဟာ ဗီတာမင်(၈)မျိုးအနက်တခုဖြစ်ပြီး သွေးနီဥဖွဲ့စည်းခြင်း၊ ကျန်းမာသောဆဲလ်ထုတ်လုပ်မှု နှင့် ဆဲလ်ရဲ့လုပ်ဆောင်မှုတွေအတွက်အရေးကြီးပါတယ်။ အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ်တလျှောက်လုံး ကောင်းမွန်တဲ့ကျန်းမာရေးအတွက် ပထမသုံးပတ်မှာဖောလစ်အက်ဆစ်မဖြစ်မနေ သောက်ပေးသင့်ပါတယ်။
ပါဝင်တဲ့အစားအစာများ – အစိမ်းရောင်အရွက်များ၊ အသီးအနှံများ၊ ပဲအမျိုးမျိုး
(၃) ဗီတာမင် ဒီ

ကျန်းမာသော အရိုးနှင့်သွားများအတွက်လိုအပ်တဲ့ကယ်ဆီယမ်ဓါတ်ကိုစုပ်ယူနိုင်ဖို့ သင့်ခန္ဓာကိုယ်မှာ ဗီတာမင်ဒီရှိဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် ဒီချို့တဲ့တာက အချို့သောကင်ဆာရောဂါတွေနဲ့ နှလုံးရောဂါတွေနဲ့ ဆက်စပ်နေပါတယ်။ သို့သော် တခြားဓါတ်တွေလိုမဟုတ်ဘဲ ဗီတာမင် ဒီရဲ့ အရင်းအမြစ်ကတော့ နေရောင်ခြည်မှာပါဝင်နေတာဖြစ်ပါတယ်။
(၄) ဗီတာမင် B6

ဗီတာမင် B6 ဟာ လူခန္ဓာကိုယ်မှာရှိတဲ့ ဇီဝဓါတုဓါတ်ပြုမှု ၂၀၀ နီးပါးရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ဗီတာမင် B6 ဟာ ပုံမှန်အိပ်စက်မှုနဲ့လည်းသက်ဆိုင်ပြီး သွေးနီဥထုတ်လုပ်မှုကိုလဲ ကူညီပေးတယ်။ ပုံမှန်အားဖြင့်လူတ ယောက်မှာ ဗီတာမင် B6 ချို့တဲ့တာရှားပေမယ့် အသက်ကြီးတဲ့သူတွေမှာ ဗီတာမင် B6 လုံလောက်စွာမရရှိတာကိုတွေ့ရပါတယ်။
ပါဝင်တဲ့အစားအစာများ – အားလူးမီးဖုတ်၊ ငှက်ပျောသီး၊ ကြက်သား၊ ပဲ
(၅) ဗီတာမင် A

ဗီတာမင် A ဓါတ်ဟာ အမြင်အာရုံ၊ ကျန်းမာတဲ့အသားအရေနဲ့ ကိုယ်ခံစွမ်းအားတွေအတွက် အရေးကြီးပါတယ်။ ဗီတာမင် A ဓါတ်ကို ဘီတာကာရိုတင်းပါဝင်တဲ့အစားအစာတွေကနေရရှိပြီး ခန္ဓာကိုယ်ထဲရောက်တဲ့အခါမှ ဘီတာကာရိုတင်းဓါတ်ကနေ ဗီတာမင် A အဖြစ်ပြောင်းလဲရရှိတာဖြစ်ပါတယ်။
ပါဝင်တဲ့အစားအစာများ – မုန်လာဥ၊ ကန်စွန်းဥ၊ ဟင်းနုနွယ်၊ ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း)
