စိတ်ဖိစီးမှုဆိုတာ လူငယ်လူကြီးမရွေးခံစားရနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုဖြစ်ပါတယ်။ ယနေ့ခေတ်လူအများစုမှာလည်း အနည်းနဲ့အများ စိတ်ဖိစီးမှုဝေဒနာတွေခံစားနေကြရပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်တိုင်တောင် သတိမထားမိတဲ့ စိတ်ဖိစီးမှုဝေဒနာတွေကို ခံစားနေတက်ပါတယ်။ ဒီနေ့မှာတော့စိတ်ဖိစီးမှုများနေရင် ခန္ဓာကိုယ်မှာ ယေဘုယျအားဖြင့်ဘယ်လိုလက္ခဏာတွေပြတက်လဲဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) မကြာခဏဖျားနာခြင်းတွေဖြစ်နေမယ်

Source : The Telegraph

စိတ်ဖိစီးမှုတွေက လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ်ကို ပျက်စီးစေနိုင်တယ်ဆိုတာ သိပါသလား။ လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့သူတွေဟာ မကြာခဏဖျားနာလေ့ရှိပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါတွေလည်း ဖြစ်နိုင်ချေပိုများပါတယ်။ သင့်အနေနဲ့ မကြာခဏ တရှောင်ရှောင်ဖျားနေမယ် နေမကောင်းဖြစ်နေတယ်ဆိုရင်တော့ စိတ်ဖိစီးမှုများနေလို့ဖြစ်နိုင်ပါတယ်။

(၂) မောပန်းနွမ်းနယ်နေမယ်

Source : Inc.com

အချိန်အတော်ကြာ အားအင်ကုန်ခမ်းသလိုခံစားနေရမယ် အမြဲတမ်းမောပန်းနွမ်းနယ်သလိုခံစားနေရတယ်ဆိုရင်တော့ ဒါဟာ စိတ်ဖိစီးမှုများနေခြင်းကြောင့်ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။ များသောအားဖြင့် အိပ်ရေးမဝတဲ့အချိန် ရေဓာတ်ကုန်ဆုံးချိန် သကြားဓာတ်အလုံအလောက်မရတဲ့အချိန် အစာအာဟာရဓာတ်ပြည့်ဝအောင်စတဲ့အချိန်တွေမှာ မောပန်းနွမ်းနယ်ခြင်းတွေခံစားရစေတက်သလို စိတ်ဖိစီးမှုအလွန်များနေရင်လည်း ခန္ဓာကိုယ်ရဲ့ စွမ်းအင်တွေကုန်ဆုံးပြီး ပင်ပန်းနွမ်းနယ်ခြင်းတွေကို ခံစားရစေမှာဖြစ်ပါတယ်။

(၃) အစာခြေစနစ်ဆိုင်ရာဝေဒနာတွေခံစားလာရမယ်

Source : Healthgrades

စိတ်ဖိစီးမှုက အစာအိမ်နဲ့ ဆက်စပ်တဲ့ရောဂါဝေဒနာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ စိတ်ဖိစီးမှုအလွန်များနေတဲ့အခါ ဝမ်းလျှောခြင်း အစာအိမ်အောင့်ခြင်း ဝမ်းချုပ်ခြင်းစသည်ဖြင့် ဝေဒနာတွေခံစားရစေနိုင်ပြီး အစာခြေစနစ်ဆိုင်ရာလုပ်ဆောင်ချက်တွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်သူအနေနဲ့ မကြာခဏ ဒီလိုအစာခြေစနစ်ဆိုင်ရာ ဝေဒနာတွေခံစားနေရတယ်ဆိုရင် စိတ်ဖိစီးမှုလျော့ချသင့်ပြီလို့ ခန္ဓာကိုယ်ကနေတဆင့် အချက်ပြလာတာဖြစ်နိုင်ပါတယ်။

(၄) အလွန်အကျွံချေးထွက်လာမယ်

Source : Medical News Today

ချွေးထွက်တယ်ဆိုတာ ကျန်းမာရေးအတွက်ကောင်းပေမယ့် အလိုလိုနေရင်း ချွေးအလွန်အကျွံထွက်နေတယ်ဆိုရင် ဒါဟာစိတ်ဖိစီးမှုများနေခြင်းရဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ စိတ်ဖိစီးမှုများနေခြင်းက ချွေးထွက်များခြင်းနဲ့ ခန္ဓာကိုယ်အနံ့ဆိုးထွက်ခြင်းတွေကို ဖြစ်စေနိုင်တယ်လို့ ပညာရှင်တွေကဆိုပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ ပုံမှန်ထက်ပိုပြီး ချွေးထွက်များနေမယ် အနံ့ဆိုးတွေထွက်နေမယ်ဆိုရင် စိတ်ဖိစီးမှုလျော့ချသင့်ပြီဆိုတာ သိနိုင်မှာဖြစ်ပါတယ်။

စိတ်ဖိစီးမှုများခြင်းရဲ့ တခြားသောလက္ခဏာတွေကတော့ ဆံပင်ကျွတ်ခြင်း လိင်စိတ်နည်းပါးခြင်း ခေါင်းကိုက်ခြင်း နှလုံးအောင့်ခြင်း အိပ်ပျော်ရခက်ခဲခြင်း အစားစားချင်စိတ်နည်းပါးခြင်း စိတ်ကျဝေဒနာခံစားရတဲ့ စတဲ့ လက္ခဏာတွေဖြစ်ပေါ်ခံစားလာရနိုင်ပါတယ်။