အိပ်စက်ခြင်းဟာ စိတ်နဲ့ခန္ဓာ ကျန်းမာစေဖို့ မရှိမဖြစ် အရေးပါပါတယ်။ အိပ်ရေးခဏခဏပျက်ခြင်းဟာ ရေရှည်မှာ ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။ ဒါဆိုရင် အိပ်စက်မှုဖြစ်စဉ်ကို မြန်မြန်အထောက်အကူ ပြုစေဖို့ ဘယ်လိုနည်းလမ်းတွေ သုံးရပါ့မလဲ ဆိုတာ သိချင်ကြမှာပါ။

ဆေးဝါး ဓါတ်စာထက် ပိုပြီး လက်တွေ့ကျနေတဲ့ အိပ်စက်မှုအတွက် အခုပြောမယ့် နည်းလမ်းလေးတွေက ထိထိရောက်ရောက် အကျိုးပြုမှာ ဖြစ်ပါတယ်။

(၁) အလင်းတွေ အကုန်မှိတ်ထားပါ

Photo: ShutterStock

အခန်းထဲမှာ အလင်းရောင် ရှိရင် မျက်စိကြောင်လွယ်ပါတယ်။ အလင်းရောင်နဲ့ အသားအရေ ထိတွေ့တိုင်းမှာ အိပ်စက်ခြင်းကို ပံ့ပိုးပေးမယ့် Melatonin ဓါတ်တွေ ခန္ဓာကိုယ်က ထုတ်လုပ်မှု တန့်သွားတတ်ပါတယ်။ တကယ်လို့ မျက်လုံးမှိတ်ပြီး အိပ်ပျော်သွားရင်တောင် ပြည့်ဝတဲ့ အိပ်စက်မှု မရနိုင်ပါဘူး။

ဒါကြောင့် အခန်းတွင်း အလင်းရောင် အကုန် ပိတ်လိုက်ပါ။ ပြီးရင် အပူချိန်ကိုလည်း လျှော့ချပြီး ဆူညံသံလည်း မကြားရအောင် ဖန်တီးလိုက်ပါ။ ဖုန်းတွေကို ခပ်ဝေးဝေးမှာ ထားလိုက်ပြီးမှ အိပ်မယ်ဆိုရင် မြန်မြန်အိပ်ပျော်ဖို့ အထောက်အကူ ဖြစ်မှာပါ။

(၂) လေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik

လေ့ကျင့်ခန်းလုပ်ခြင်းဟာ လူကို အကြောအချဉ်ပြေလျော့စေပြီး လွယ်လင့်တကူ အိပ်စက်နိုင်အောင် ပံ့ပိုးပေးပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လုပ်သူဟာ ခန္ဓာကိုယ်ကို အိပ်ရာဝင်ချိန်နဲ့ အဆင်သင့်ဖြစ်အောင် အမြန်စီမံပေးနိုင်ပါတယ်။

(၃) စောစော အိပ်ရာဝင်ပါ

Photo: Pinterest

အချိန်အခါနဲ့ အိပ်တဲ့အကျင့်ဟာ အိပ်စက်မှုကို ပိုလွယ်ကူစေပါတယ်။ ခပ်စောစော အိပ်ရာဝင်တဲ့ အကျင့် လုပ်ထားမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ဖို့ ပိုပြီး အကူအညီဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို အလေ့အကျင့်က ပြုပြင်တာကြောင့် အိပ်စက်မှုဇယားကို မွေးထားရင်လည်း မြန်မြန်ဆန်ဆန် အိပ်မောကျစေမှာပါ။

(၄) စားချိန်မှန်ပါစေ

Photo: Freepik

စားချိန်မှန်ဖို့ဆိုတာ အချိန်မှန်မှန် စားဖို့ ဆိုတာထက် ပိုပါတယ်။ အိပ်မယ့်အချိန်နဲ့ စားမယ့်အချိန်ဟာ အနည်းဆုံး ၄၅ မိနစ်နဲ့ ၁ နာရီလောက်တော့ ခြားသင့်သလို စားတဲ့ အစားအစာကလည်း အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးမယ့် အစားအစာတွေ မဖြစ်ဖို့ လိုပါတယ်။ ဒါ့ကြောင့် မြန်မြန် အိပ်ပျော်စေနိုင်ဖို့ စားမယ့် အစားအစာနဲ့ စားတဲ့ အချိန်ကိုလည်း မှန်အောင် ချိန်ဆထားဖို့ တိုက်တွန်းချင်ပါတယ်။