ခွေးတွေက လူတွေရဲ့ အကောင်းဆုံးအဖော်ဖြစ်ပါတယ်။ ဒါပေမယ့် ပိုင်ရှင်မဲ့ခွေးတွေ လမ်းဘေးမှာနေထိုင်ကျက်စားနေကြတဲ့ ခွေးတွေတစ်ချို့ဟာ လူတွေကို အန္တရာယ်ပြုတက်ကြတာကို သတိထားဖို့ လိုပါတယ်။ ဒီလိုခွေးတွေက အိမ်မွေးခွေလိုမဟုတ်ဘဲ တောထဲက မြေခွေးတွေလို ရန်မူတက်ကြပါတယ်။ လမ်းဘေးခွေးတွေ တော်တော်များများဟာ အုပ်စုလိုက်နေတက်ကြပြီး သူတို့ကျက်စားရာနယ်မြေသီးသန့် ရှိကြပါတယ်။ လမ်းဘေးခွေးတော်တော်များများဟာ လူတွေကိုကြောက်လေ့မရှိကြဘူး။ ဒီလိုခွေးတွေနဲ့ ပက်ပင်တွေ့ရပြီဆိုရင် သတိထားဖို့လိုအပ်ပါတယ်။
ဒီနေ့ kwee page က ရန်လိုတဲ့ခွေးတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
ရန်လိုတဲ့ခွေးတွေနဲ့တွေ့ရင် ထွက်မပြေးပါနဲ့။ သူတို့ကို အရာဝတ္ထုတွေနဲ့ မပစ်ပေါက်ပါနဲ့။

ရန်လိုတဲ့ခွေးတွေနဲ့ရင်ဆိုင်တွေ့ရပြီဆိုရင် ချက်ခြင်းထွက်ပြေးဖို့ မစဉ်းစားပါနဲ့။ တကယ်လို့ ထွက်ပြေးမယ်ဆိုရင် ခွေးတွေက အမဲလိုက်ချင်စိတ်ဝင်သွားပြီး သင့်ကိုသားကောင်သဘောမျိုးမြင်သွားပါလိမ့်မယ်။
အကောင်းဆုံးကတော့
- ခွေးနဲ့အန္တရာယ်ကင်းလောက်တဲ့ အကွာအဝေးမှာနေပါ။ မိမိအနားကနေ ခွေးထွက်သွားသည့်အထိ စောင့်ပါ။
- ခွေးကထွက်မသွားဘူးဆိုရင် အနောက်ကို ဖြည်းညင်းစွာ နောက်ဆုတ်ပါ။ ခွေးရဲ့တုံ့ပြန်မှုကို သတိထားကြည့်ပါ။ ခွေးက သင့်နောက်ကို လိုက်လာတယ်ဆိုရင် နောက်ဆုတ်နေတာကို ရပ်လိုက်ပါ။ သူတို့ မလှုပ်မရှားနေနေတယ်ဆိုရင် နောက်ကိုဆုတ်ပါ။ သူတို့ သင့်ဆီကနေ မျက်နှာလွဲသွားပြီဆိုရင် ပုံမှန်အတိုင်း လမ်းလျှောက်ထွက်သွားလိုက်ပါ။
ခွေးနဲ့သင့်ကြားမှာတခုခုကြားခံထားလိုက်ခြင်းဖြင့် သူတို့ကို အာရုံလွဲလို့ရပါတယ်။ ကျောပိုးအိတ် (သို့) ထီးဖြစ်ဖြစ် ခွေးနဲ့သင့်အကြားမှာ ချထားလိုက်ပါ။ ဒါကို ခွေးတွေက အတားအဆီးတခုအဖြစ် မြင်သွားပြီး အာရုံပြောင်းသွားနိုင်ပါတယ်။
အကယ်၍သင်ဟာ စက်ဘီးစီးနေတာ (သို့) စကိက်စီးနေတာဆိုရင် ဒါဟာခွေးတွေကို စွဲဆောင်နေသလိုဖြစ်နေပါတယ်။

ခွေးလေခွေးလွင့်တော်တော်များများဟာ လှုပ်ရှားမှုကို ပိုပြီးတုံ့ပြန်ကြတယ်။ သူတို့ဟာ စက်ဘီး၊ ဆိုင်ကယ်၊ ကား နဲ့ တခြားသယ်ယူပို့ဆောင်ရေးယာဉ်တွေကို ရန်လိုတက်ကြပါတယ်။ အကယ်၍ စက်ဘီး စီးပြီးသွားနေတဲ့အချိန်မှာ ခွေးကသင့်နောက်ကို လိုက်လာပြီဆိုရင် ရပ်လိုက်ပါ။ ခွေးရဲ့ အာရုံစိုက်မှုကို လျှော့ချပစ်နိုင်ပါတယ်။
ခွေးကသင့်အနားကနေထွက်သွားပြီဆိုရင် ပုံမှန်အတိုင်းသွားလို့ရပါပြီ။ စက်ဘီးကို မြန်မြန်နင်းပြေးခြင်းမျိုး မလုပ်ပါနဲ့။ ခွေးတွေက အရမ်းမြန်ပြီး သင့်ကိုမကြာခင် မှီလာနိုင်ပါတယ်။
အကယ်၍ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ လမ်းလျှောက်နေတာဆိုရင် ပိုပြီးသတိထားဖို့လိုလာပါပြီ။

အကယ်၍ လမ်းဘေးခွေးက သင့်ခွေးကို မာန်ဖီနေတယ် ဟောင်နေတယ်ဆိုရင် ကိုယ့်ရဲ့ခွေးကို ချီပိုးလိုက်တာက သဘာဝပါဘဲ။ လူတိုင်းနီးပါး ဒီလိုလုပ်တက်ကြပါတယ်။ ဒါပေမယ့် လမ်းဘေးခွေးတွေက ဒီလှုပ်ရှားမှုကို လျင်လျင်မြန်မြန်တုံ့ပြန်တက်ကြပြီး သင့်ကို တိုက်ခိုက်ဖို့ ကြိုးစားလာနိုင်ပါတယ်။ သင့်ရဲ့ ခွေးကိုမြေပေါ်မှာ ဒီအတိုင်းထားလိုက်မယ်ဆိုရင်လည်း လမ်းဘေးခွေးတွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပါတယ်။
ဒီအခြေအနေအတွက် မှန်ကန်တဲ့ ဖြေရှင်းနည်းမရှိပါဘူး။ သင့်ရဲ့ခွေးကို လမ်းဘေးခွေးတွေရဲ့ရန်ကနေ ကာကွယ်ချင်တယ်ဆိုရင် ဘေးနားက ခြံစည်းရိုးရဲ့တစ်ဖက် (သို့) ခွေးတွေ မမှီနိုင်တဲ့ အမြင့်တနေရာရာမှာ ပို့ထားလိုက်ပါ။ ဒါမှမဟုတ် ကြောင်ဆိုရင်လည်း သစ်ပင်ပေါ်တက်ခိုင်းထားလိုက်ပါ။
ဒီလိုမှမဟုတ်သေးဘူးဆိုရင် သင့်ရဲ့ခွေးကို မြေကြီးပေါ်မှာ ဒီအတိုင်းထားလိုက်ပါ။ လမ်းဘေးခွေးတွေကို အာရုံလွဲဖို့ကြိုးစားပါ။ အများအားဖြင့် လမ်းဘေးခွေးတွေက ဆာလောင်နေတက်ကြပါတယ်။ သင့်ဆီမှာ စားစရာတခုခုပါတယ်ဆိုရင် ပစ်ချပြီးကျွေးလိုက်ပါ။ သင်နဲ့ အနည်းငယ်ဝေးတဲ့နေရာကို ပစ်ချပြီးကျွေးလိုက်ရင် သင်ထွက်သွားဖို့ အခွင့်အရေး ရှိပါလိမ့်မယ်။
လမ်းဘေးခွေးတွေကို ပြန်ပြီးရန်ပြုတာက ကောင်းတဲ့အကြံဉာဏ်မဟုတ်ပါဘူး။ ဒါက သူတို့ကိုပိုပြီး ဒေါသထွက်ပြီးတော့ ပိုပြီးရန်လိုလာစေပါတယ်။
ခွေးတွေရဲ့ရန်ပြုမှုနဲ့ကြုံရပြီဆိုရင် သူတိုကိုမျက်လုံးချင်းဆုံအောင် မကြည့်ပါနဲ့။

လမ်းဘေးခွေးတွေက သင့်အနားကို မာန်ဖီပြီး ကပ်လာပြီဆိုရင် လုံးဝမလှုပ်ရှားပါနဲ့။ မျက်လုံးချင်းဆုံအောင် မကြည့်ပါနဲ့။ မျက်လုံးချင်းဆုံအောင် ကြည့်ခြင်းဟာ တိုက်ခိုက်ဖို့အတွက် အချက်ပေးတာနဲ့တူပါတယ်။ အကယ်၍ သင်ကမလှုပ်မရှားရပ်လိုက်ပြီဆိုရင် ခွေးကသင့်ကို ပျင်းရိစရာအရာတစ်ခုအဖြစ်မြင်သွားပြီး အဝေးကိုထွက်သွားနိုင်ခြေရှိပါတယ်။
အကယ်၍ ခွေးကသင့်အနားကပ်ပြီး အနံ့ခံနေတယ်ဆိုရင် ဘာမှသွားမလုပ်ပါနဲ့။ အနံ့ခံခိုင်းလိုက်ပါ။ သင့်လက်နဲ့လည်း သွားပြီး ခွေးကိုပွတ်သပ်တာမျိုးမလုပ်ပါနဲ့။ လှုပ်ရှားမှုတခုခုလုပ်လိုက်ရင် ခွေးတွေက ဒါကို တိုက်ခိုက်မှုတခုအဖြစ် မြင်သွားပြီး တုံ့ပြန်လာပါလိမ့်မယ်။ တခုမှတ်ထားရမှာက ခွေးတွေက လူတွေထက် ပိုမြန်ဆန်တယ်ဆိုတာပါပဲ။
အကောင်းဆုံးကတော့ ခွေးတွေစုနေတဲ့နေရာအနားတဝိုက်ကို ရှောင်ရှားပေးပါ။ မဖြစ်မနေသွားဖို့ရှိနေတယ်ဆိုရင်လည်း ခွေးတွေ မရှိတော့တဲ့အချိန်ထိ စောင့်တာက အန္တာရာယ်အကင်းဆုံးပါပဲ။
**** လမ်းဘေးခွေးတွေ အကုန် မဆိုးသွမ်းကြပါ။ သို့ပေမယ့် သတိထားဖို့တော့ လိုအပ်ပါတယ်။**** kwee ပရိသတ်တွေ အန္တရာယ်ကင်းကြပါစေ။
Source: Bright Side
