သြဂုတ်လ (၁) ရက်နေ့က FA ဖလားဖိုင်နယ်ပွဲစဉ်အဖြစ် လန်ဒန်မြို့ခံပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ အာဆင်နယ်အသင်းက ချယ်လ်ဆီးအသင်းကို (၂-၁) ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး FA ဖလား ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းအနေနဲ့ ပွဲချိန်အစောပိုင်းမိနစ်တွေမှာ ပြိုင်ဘက်အာဆင်နယ်အသင်းကို ဦးဆောင်ကစားခဲ့ပြီး အာဆင်နယ်အသင်းခံစစ်ပိုင်းအားနည်းနေမှုကနေတဆင့် ပွဲကစားချိန် (၅) မိနစ်မှာပဲ ချယ်လ်ဆီးအသင်းဦးဆောင်ဂိုးစတင်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပူလီဆစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Source :  Getty Images

ဦးဆောင်ဂိုးရပြီးနောက်ပိုင်းမှာ ချယ်လ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ အာဆင်နယ်အသင်းကို ဆက်လက်ဖိအားပေးကစားခဲ့ပါတယ်။ ပွဲကစားချိန်ကြာလာတာနဲ့အမျှ အာဆင်နယ်အသင်းရဲ့ ကစားပုံကပြန်လည်ကောင်းမွန်လာခဲ့ပြီး ပွဲချိန် (၂၈) မိနစ်မှာ အူဘာမီယန်းကိုဂိုးဧရိယာအတွင်း အက်စ်ပီလီကွယ်တာ ဟန့်တားပုံကြမ်းတမ်းခဲ့တာကြောင့် ပင်နယ်တီပြစ်ဒဏ်ဘောရရှိခဲ့ကာ အဆိုပါပင်နယ်တီပြစ်ဒဏ်ဘောကို အူဘာမီယန်းကပဲ အသေသပ်ဆုံးပုံစံနဲ့ သွင်းယူခဲ့ပြီး ချေပဂိုးပြန်လည်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Source : AP

အာဆင်နယ်အသင်းကတော့ ချေပဂိုးရရှိပြီးနောက်မှာ အက်စ်ပီလီကွယ် ဒဏ်ရာရခဲ့ပြီး လူစားလဲလိုက်ရတာကြောင့် ခံစစ်ပိုင်းအနည်းငယ် ချို့ယွင်းချက်တွေရှိလာတဲ့ချယ်လ်ဆီးကို ဆက်တိုက်ထိုးဖောက် တိုက်စစ်ဆင်ကစားခဲ့ပါတယ်။ သို့သော်လည်း သွင်းဂိုးတွေထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိတာကြောင့် ပထမပိုင်းကို (၁-၁) ဂိုးသရေရလဒ်နဲ့အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာ ဦးဆောင်ဂိုးရရှိဖို့ ကွင်းလယ်ကနေ တကိုယ်တော်ခြေစွမ်းပြခဲ့တဲ့ ပူလီဆစ်လည်း ဒဏ်ရာရရှိခဲ့ပြီး ချယ်လ်ဆီးတို့ထပ်မံလူစားလဲခဲ့ရပြန်ပါတယ်။

Source : evening standard sport

ဒါပေမယ့်လည်း ဒုတိယပိုင်းပွဲကစားချိန်တွေမှာ တစ်သင်းနဲ့တစ်သင်းအကြိတ်အနယ်ပိုဖြစ်လာခဲ့ပြီး ပွဲကစားချိန် (၆၇) မိနစ်မှာတော့ အူဘာမီယန်းက ချယ်လ်ဆီးနောက်တန်းကစားသမားတွေကို အကောင်ဆုံးကျော်ဖြတ်ပြီး ဒုတိယမြောက်ဦးဆောင်ဂိုးကို ထပ်မံသွားယူခဲ့ပါတယ်။ ဒုတိယမြောက်ဂိုးခွင့်ပြုပြီး မကြာမှီမှာ ချယ်လ်ဆီးကစားသမား ကိုဗာဆစ်ကစားပုံထပ်မံကြမ်းခဲ့တာကြောင့် နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ လူစားလဲမှုတွေပြုလုပ်ခဲ့ပေမယ့်လည်း ပွဲကစားချိန်လက်ကျန်မိနစ်တွေမှာ အာဆင်နယ်အသင်းကဆက်လက် ဦးဆောင်ကစားခဲ့ကာ ပွဲပြီးရလဒ် (၂-၁) ဂိုးဖြင့်အနိုင်ရရှိပြီး (၁၄) ကြိမ်မြောက် FA ဖလားချန်ပီယံဆုကိုသိမ်းပိုက်သွားနိုင်ခဲ့သလို လာမည့်ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်လည်းရရှိသွားခဲ့ပြီဖြစ်ပါတယ်။

Source : AP