လူဖြစ်ရင် စားဝတ်နေရေး ပြည့်စုံဖို့က မရှိမဖြစ် အရေးကြီးပါတယ်။ ဒါပေမယ့် ကိုယ့်တစ်ဘဝလုံးကို ငွေရှာရင်း ၊ ကိုယ့်ခွန်အားတွေကို ပိုက်ဆံတွေနောက်လိုက်ရင်းနဲ့ပဲ ကုန်ဆုံးစေမယ်ဆိုရင် တစ်ခုခုတော့ မှားနေပြီလို့ ဆိုနိုင်ပါတယ်။ တကယ်တော့ တစ်ချို့အရာတွေဟာ သင်နေ့စဉ်ရှာနေတဲ့ ငွေကြေးဓနဥစ္စာတွေထက် ဘဝမှာ ပိုလိုအပ်ပါတယ်။
(၁) ယုံကြည်မှု

Photo: Freepik
ဘာသာရေးယုံကြည်မှုကို ပြောတာ မဟုတ်ပါဘူး ။ ဒါလည်း မပါဘူးတော့ မဟုတ်ပါဘူး။ အခုပြောတဲ့ ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တာ ၊ ကိုယ့်အိပ်မက်နဲ့ ကိုယ်လုပ်နေတဲ့ အလုပ်ကို ယုံကြည်တာကို ပြောတာ ဖြစ်ပါတယ်။ ယုံကြည်မှု ပျောက်ဆုံးသွားရင် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု သင့်ဆီက ပျောက်ဆုံးသွားတာပါပဲ။
(၂) ကျန်းမာရေး

Photo: Freepik
သင့်ပိုက်ဆံထက် သင့်ကျန်းမာရေးက ပိုပြီး တန်ဖိုးကြီးပါတယ်။ ဘယ်လောက်ပဲ ချမ်းသာလို့ ဖြစ်စေ ကျန်းမာရေးကို ဝယ်လို့ မရပါဘူး။ ပိုက်ဆံနောက် လိုက်ကြရင်းနဲ့ သင့်ကျန်းမာရေး ပစ်ထားမိရင် မိုက်မဲလိုက်တာလို့ တစ်နေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်အပြစ်တင်နေမိပါလိမ့်မယ်။
(၃) မိသားစု

Photo: Freepik
မေတ္တာတရားကို ဖော်ညွှန်းတဲ့ မိသားစု ၊ မိတ်ဆွေနဲ့ ချစ်စရာတွယ်တာစရာတွေဟာလည်း အရေးပါပါတယ်။ ငွေရှိရင် စိတ်ချမ်းသာရမှာပဲ ထင်ပြီး ပျော်ဖို့ အချိန်မရလောက်အောင် သောကများနေရင် အဲ့ဒီဘဝက မတန်ပါဘူး။ ပိုက်ဆံပုံတွေအကြား ထိုင်နေရပေမယ့် မေတ္တာတရားကို မခံစားနိုင်ရင် ဘယ်တော့မှ ပြုံးနိုင်မှာ မဟုတ်ပါဘူး။
(၄) အတွေ့အကြုံ

Photo: Freepik
လူဟာ မွေးဖွားရှင်သန်လာပြီး သေသွားတာ ချည်းပါပဲ။ တစ်နေ့လုံး ရုံးခန်းလေးထဲမှာပဲ ထိုင်နေရင်းနဲ့ အသက်မွေးမှုနဲ့ပဲ အလုပ်များနေရင် ဘာများ အဓိပ္ပါယ်ရှိဦးမှာလဲ။ ကိုယ့်ရဲ့ နောက်မျိုးဆက်ကို ဘယ်လိုအတွေ့အကြုံများ ပြန်မျှဝေလို့ ရမလဲ။ ဒါဆို ကိုယ့်ဘဝဟာ ဘာမှ ထည့်မထားတဲ့ အိတ်တစ်လုံးထက် ဘာများ ပိုနိုင်မှာလဲ။ ဘဝမှာ သူများနဲ့မတူ ထူးကဲတဲ့ ဖြတ်သန်းမှုတွေကို ပိုက်ဆံနဲ့ တန်ဖိုးဖြတ်လို့ မရပါဘူး။
